ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ပိုင်ရှင်ဖြစ်သူ ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ် ကတော့ မကြာမီ ကာလအတွင်းမှာ သူ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးကို ရောင်းချရတော့မှာ ဖြစ်တာကြောင့် နောက်ထပ် ဘောလုံးအသင်း တသင်းကို ဝယ်ယူဖို့ အတွက် ပြင်ဆင်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရုရှားဘီလီယံနာ အေဘရာမိုဗစ်ချ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးကို ၂၀၀၂ခုနှစ်မှာ စတင် ဝယ်ယူခဲ့ပြီး ချယ်လ်ဆီးကို ပရီးမီးယားလိဂ်ရဲ့ အသင်းလတ်အဆင့် ကနေ ဥရောပရဲ့ အင်အားကြီးအသင်း စာရင်းဝင် အသင်းတသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: MSN

လက်ရှိမှာတော့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် အေဘရာမိုဗစ်ချ်အနေနဲ့ သူ ပြုစု ပျိုးထောင်ခဲ့တဲ့ ချယ်လ်ဆီးကို မဖြစ်မနေ ရောင်းချရဖို့ ရှိနေပြီး အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ရောင်းချရာကနေ ယူရို ၄ဘီလီယံ နီးပါး ရရှိဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ဗြိတိန်အစိုးရရဲ့ အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားမှုကြောင့် မိုဗစ်ချ်အနေနဲ့ ချယ်လ်ဆီးကို ရောင်းချရာကနေ ရလာမယ့် ပိုက်ဆံတွေကို လက်ခံနိုင်ဖွယ် မရှိသေးပဲ မိုဗစ်ချ်ကတော့ သူ့ရဲ့ ဘောလုံးအားကစားကို ချစ်မြတ်နိုးမှုအား ပြသနိုင်ဖို့ အတွက် တူရကီ စူပါလိဂ်ကလပ် ဂေါ့တီပီကို ဝယ်ယူကာ ထပ်မံ ပျိုးထောင်ဖို့ စီစဉ်နေပါတယ်။

Photo Credit: MSN

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ အေဘရာမိုဗစ်ချ်ရဲ့ ကိုယ်စားလှယ် တချို့ဟာ တူရကီ စူပါလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ ဂေါ့တီပီကို ဝယ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး တူရကီအစိုးရကလည်း သူတို့နိုင်ငံအတွင်းမှာ မိုဗစ်ချ်လို ထိပ်တန်း သန်းကြွယ်သူဌေးရဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို မြင်တွေ့ချင်နေတာကြောင့် မိုဗစ်ချ်ရဲ့ ဂေါ့တီပီအသင်းကို ဝယ်ယူမှုအား တတ်စွမ်းသရွေ့ အကူအညီ ပေးမယ်လို့ ကတိပေးထားကြောင်း သိရပါတယ်။