ပူပူနွေးနွေး ကမ္ဘာ့ကလပ်ချန်ပီယံ ချယ်လ်ဆီးရဲ့ အသင်းပိုင်ရှင် ဖြစ်သူ အေဘရာမိုဗစ်ချ်ဟာ သူ့ရဲ့ မွေးရပ်မြေနိုင်ငံ ရုရှားက အိမ်နီးချင်း ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခု အဖြစ် သူ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးကို ရောင်းချရတော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ရုရှား သန်းကြွယ်သူဌေး တဦးဖြစ်သူ အေဘရာမိုဗစ်ချ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အစဉ်အလာ သိပ်မကြီးမားတဲ့ ချယ်လ်ဆီးကို အသင်းလတ်အဆင့် ကနေ ယခုလိုမျိုး ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် စိတ်ရော ကိုယ်ပါ ပြုစု ပျိုးထောင်ပေးခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ငွေကြေး သုံးစွဲမှု ၊ အသင်းအပေါ် မျက်ခြေမပြတ် စောင့်ကြည့် အားပေးမှုတို့ကြောင့်ပဲ ချယ်လ်ဆီးက မရဖူးတဲ့ ဆုဖလား မရှိတဲ့ အသင်းတသင်း အဖြစ် လက်မထောင်နိုင်ခဲ့တာပါ။

 

Photo Credit: Sky Sports

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ချယ်လ်ဆီးရဲ့ ပရိသတ်တွေ အတွက် ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပေမယ့် တဖက်မှာတော့ သူဟာ ရုရှားနိုင်ငံရဲ့ အာဏာရှင် သမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦး ဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ကမ္ဘာ့နိုင်ငံ အများစုက ပူတင်နဲ့ ရင်းနှီးတဲ့ ရုရှားသန်းကြွယ်သူဌေးတွေကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ရာမှာ အေဘရာမိုဗစ်ချ်ကလည်း စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံခဲ့ရတဲ့ သူဌေး တဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်း အခြေစိုက်ရာ ဗြိတိန်နိုင်ငံက အေဘရာမိုဗစ်ချ်ကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သလို အင်္ဂလန်နိုင်ငံထဲမှာလည်း အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အေဘရာမိုဗစ်ချ်က သူ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးရဲ့ ရှယ်ယာတွေကို ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပြီး အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ရောင်းချမယ့် အစီအစဉ် ရှိကြောင်းကို ကမ္ဘာ့နိုင်ငံ အသီးသီးက သန်းကြွယ်သူဌေးတွေဆီ အသိပေးစာ ပေးပို့ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံရဲ့ သန်းကြွယ်သူဌေးတွေ အပါအဝင် ဘောလုံးလောကကို စိတ်ဝင်စားကြတဲ့ သန်းကြွယ်သူဌေး အများစုက ချယ်လ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြပြီး အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ယူရို ၃ဘီလီယံ ဝန်းကျင်နဲ့ ရောင်းချချင်နေကြောင်းလည်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။