အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အေဗရာဟမ်က သူဟာ ကမ္ဘာ့အဆင့် ကစားသမား တဦး အဖြစ် အောင်မြင်မှုတွေ ရယူချင်တာကြောင့် ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးကနေ ရိုးမားဆီ ပြောင်းရွှေ့ခဲ့တာပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တင်မီ အေဗရာဟမ်ဟာ ချယ်လ်ဆီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးကနေ ရိုးမားထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အေဗရာဟမ်ဟာ ချယ်လ်ဆီးမှာ ကစားစဉ်ကတည်းက သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့် ချယ်လ်ဆီး ပရိသတ်တွေက သူ့ကို မကြာခဏ ဝေဖန်လေ့ရှိတာကြောင့် သူ့အတွက် လွတ်လွတ်လပ်လပ် ကစားခွင့် ရမယ့် ရိုးမားဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

လက်ရှိမှာ အေဗရာဟမ်ဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်တဲ့ အထိ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ရိုးမားအတွက် ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားပါတယ်။

Photo Credit: Mirror

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အေဗရာဟမ်က သူဟာ ဒီဘရိုင်း ၊ လူကာကူ ၊ ဆာလာတို့လို ချယ်လ်ဆီးကနေ ထွက်ခွာပြီးနောက် အောင်မြင်နေတဲ့ ကစားသမားတွေကို ကြည့်ကာ အားကျတာကြောင့် ချယ်လ်ဆီးကနေ ထွက်ခွာခဲ့တာပါလို့ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

အေဗရာဟမ်က – “ကျွန်တော်က ဒီဘရိုင်း ၊ ဆာလာနဲ့ လူကာကူတို့လို ကစားသမားတွေက ချယ်လ်ဆီးကို စွန့်ခွာပြီးနောက် သူတို့ရဲ့ အတောင်ပံတွေကို ဖြန့်ပြီး အောင်မြင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အခုဆိုရင် သူတို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်နေကြပြီလေ။ ဒါကြောင့် သူတို့လိုမျိုး ဖြစ်ချင်လို့ ချယ်လ်ဆီးကို စွန့်ခွာခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။