ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပွဲထွက်ကစားခွင့်တွေ စတင်ပိုင်ဆိုင်လာခဲ့ရပြီး လူငယ်ကစားသမားတွေကို နေရာပေးတတ်သူဖြစ်တဲ့ နည်းပြလမ်းပတ်ကြောင့် အသင်းရဲ့တိုက်စစ်မှာ ပုံမှန်ကစားခွင့်တွေ ရရှိလာခဲ့တဲ့ တမ်မီအေဘရာဟမ်ဟာ လမ်းပတ်ရဲ့အခွင့်အရေးပေးမှုအပေါ်မှာ အကောင်းဆုံးကြိုးစားကစားလာခဲ့လို့ လက်ရှိမှာဆိုရင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၅)ဂိုးအထိကို သွင်းယူထားပေးနိုင်ခဲ့ပြီး အသင်းရဲ့သွင်းဂိုးတာဝန်တွေကို ထမ်းပိုးသယ်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

အသက်၂၂နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ချယ်လ်ဆီးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားလေးဖြစ်ပေမယ့် ချယ်လ်ဆီးစီနီယာကစားသမားဘဝကို ဒီရာသီမှသာ စတင်နိုင်ခဲ့တာဖြစ်ပြီး ယခင်နှစ်တွေမှာတော့ အငှားကစားသမားဘဝနဲ့့သာ ကျင်လည်ခဲ့ရပြီး ဘရစ္စတိုးစီးတီး ဆွမ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ဒီရာသီမှာတော့ အေဘရာဟမ်ဟာ လမ်းပတ်ကြောင့် အသင်းမှာ နေရာရရှိလာခဲ့တဲ့အပြင် အသင်းရဲ့အထောင်တိုက်စစ်မှူးတစ်ယောက်အဖြစ် သွင်းဂိုးများစွာကိုလည်း ရယူလာနိုင်ခဲ့ပါတယ်။

 

Photo Credit : Getty Image

ဒီလိုကြယ်ပွင့်ကစားသမားလေးကို ချယ်လ်ဆီးအသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ပေမယ့် အေဘရာဟမ်ကတော့ ဒီကမ်းလှမ်းချက်တွေကို ငြင်းဆန်ခဲ့တဲ့အပြင် အခုလတ်တလောမှာလည်း ချယ်လ်ဆီးဘက်နေ နောက်တစ်ကြိမ် ကမ်းလှမ်းလာခဲ့တာကိုပါ အေဘရာဟမ်က ထပ်မံပယ်ချခဲ့ပြန်တယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။ အေဘရာဟမ်က ချယ်လ်ဆီးအသင်းမှာ ဆက်လက်ရှိနေချင်ပေမယ့်လည်း အသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကစားသမားတွေနည်းတူ မြင့်မားတဲ့ လစာပမာဏမျိုးကို အလိုရှိနေတာဖြစ်သလို သူရဲ့အသင်းဖော်အိုဒွိုင်းလို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနှစ်သောင်းလောက်ကို လိုချင်နေတာကြောင့် ပမာဏနည်းပါးလှတဲ့ ကမ်းလှမ်းချက်တွေ ငြင်းဆန်နေရတာဖြစ်ပါတယ်။ ဒီလို အသင်းနဲ့ စာချုပ်ကိစ္စ မတင်မကျဖြစ်လို့နေတဲ့ အေဘရာဟမ်ကို အသင်းတချို့ကနေ စောင့်ကြည့်နေလျက်ရှိပြီး လာမယ့်နွေစျေးကွက်မှာ ကမ်းလှမ်မှုတွေပါ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။