အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ အဓိက တိုက်စစ်မှူး တင်မီ အေဗရာဟမ်ကတော့ သူ့ကို ချယ်လ်ဆီးကနေ ရိုးမားထံ ပြောင်းရွှေ့လာအောင် စည်းရုံးခဲ့တဲ့ ရိုးမားနည်းပြ မော်ရင်ဟိုဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အေဗရာဟမ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကနေ ရိုးမားထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မော်ရင်ဟိုရဲ့ လက်အောက်မှာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၃ဦး စာရင်းဝင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး အေဗရာဟမ်ဟာ ခြေစွမ်းခြေစ ရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ချယ်လ်ဆီးရဲ့ နည်းပြအပြောင်းအလဲတွေကြောင့် တည်ငြိမ်တဲ့ ခြေစွမ်းတရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပြီး မော်ရင်ဟိုရဲ့ ရိုးမားထံ ရောက်ရှိလာချိန်မှသာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းကို ရရှိခဲ့ပါတယ်။

အေဗရာဟမ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရိုးမားအတွက် စုစုပေါင်း ပြိုင်ပွဲစုံ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်ထားနိုင်ပြီး အင်္ဂလန် ကစားသမားတွေထဲမှာ ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်မှူး အဖြစ်လည်း မှတ်တမ်းဝင်နေကာ အေဗရာဟမ်ကတော့ သူ့အနေနဲ့ ယခုလိုမျိုး အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်နေတာဟာ မော်ရင်ဟိုကြောင့် ဖြစ်ပြီး မော်ရင်ဟိုက ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

Photo Credit: Metro

အေဗရာဟမ်က – “ကျွန်တော်က မော်ရင်ဟိုကို ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ သတ်မှတ်ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူက ကစားသမား တယောက်ကို ဘယ်လို မောင်းနှင်ရမလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ သူက ခင်ဗျားရဲ့ စိတ်ထဲကို ဘယ်လို ဝင်ရောက်ရမလဲ ဆိုတာကိုလည်း သိပါတယ်။ ဒါကြောင့် သူက ကစားသမား တယောက်ကို ထူးခြားတဲ့ ကစားသမားလိုမျိုး ပြောင်းလဲသွားအောင် ကူညီနိုင်တဲ့သူပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။