ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်လ်ဆီးကနေ ရိုးမားထံ ပြောင်းရွှေ့သွားခဲ့ကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အေဗရာဟမ်ကတော့ သူဟာ ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ရလို့ ၁စက္ကန့်လေးတောင် နောင်တမရဖူးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အေဗရာဟမ်က ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် ချယ်လ်ဆီးကနေ ရိုးမားထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Daily Post

ရိုးမားထံ ရောက်ရှိပြီးနောက် အေဗရာဟမ်က ဝါရင့် နည်းပြကြီး ဟိုဆေး မော်ရင်ဟိုရဲ့ သင်ပြမှုတွေ ၊ ပုံမှန် ပွဲထွက်ခွင့် ရရှိမှုတွေကြောင့် ဂိုးသွင်းစွမ်းရည်ကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့ပြီး အေဗရာဟမ်က ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် တချို့က အေဗရာဟမ်ကို ယခု နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြသလို ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း အေဗရာဟမ်ကို ရောင်းပြီး လူကာကူကို ပြန်ဝယ်ခဲ့တဲ့ ချယ်လ်ဆီးရဲ့ ရွှေ့ကွက်ဟာ မှားယွင်းကြောင်း ထောက်ပြ ဝေဖန်ထားကြပါတယ်။

Photo Credit: Daily Post

အေဗရာဟမ်ကလည်း သူဟာ ချယ်လ်ဆီးကနေ ရိုးမားဆီကို ပြောင်းခဲ့မိလို့ နောင်တမရသလို ရိုးမားဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ခဲ့မှုဟာ သူ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ပြောသွားခဲ့ပါတယ်။

အေဗရာဟမ်က – “ကျွန်တော်က တခါမှ နောင်တမရခဲ့ပါဘူး။ (ချယ်လ်ဆီးကနေ ရိုးမားဆီ ပြောင်းလာမှု အပေါ်) ၁စက္ကန့်လေးတောင် နောင်တမရခဲ့ဘူး။ ပြီးတော့ ရိုးမားဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့မှုကလည်း ကျွန်တော့်ရဲ့ ဘဝမှာ လုပ်ခဲ့ဖူးတဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တခုပါ။ ကျွန်တော်က ရိုးမားနဲ့ ပတ်သတ်ပြီး အရာအားလုံးကို သဘောကျပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။