မနေ့ညက အီတလီနိုင်ငံ ရောမမြို့ရှိ စတိတ်ဒီယိုအိုလံပီကို ဘောလုံးကွင်းကြီးမှာ ကျင်းပသွားခဲ့တဲ့ ရိုးမားအသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ယူရိုပါကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင်အသင်းက တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ နိုင်ပွဲရယူခဲ့ရင်း ရိုးမားအသင်းဟာ ကွန်းဖရန့်လိဂ် ဖိုင်နယ်ကို ပထမဆုံးတတ်ရောက်နိုင်ခဲ့တဲ့ ကလပ်အသင်း ဖြစ်လာခဲ့ရသလို ဖိုင်နယ်မှာလည်း နယ်သာလန်ကလပ် ဖီယင်နုအသင်းနဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Twitter

ရိုးမားအသင်းဟာ လက်စတာရဲ့အိမ်ကွင်း ကင်းပါဝါမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း တစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့သလို ရောမမှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့ပွဲစဉ်မှာပါ အေဘရာဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ ဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အသင်းအတွက် အရေးပါလှတဲ့ သွင်းဂိုးကို သွင်းယူခဲ့တဲ့ အေဘရာဟမ်ဟာ အခုဆိုရင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပတဲ့ ကွန်းဖရန့်လိဂ်ဖလားကိုပါ ကိုင်မြှောက်ခွင့် ရရှိဖို့အတွက် လက်တစ်ကမ်းအလိုကို ရောက်ရှိနေခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Goal

လက်စတာကို ရင်ဆိုင်ခဲ့ရတဲ့ ပွဲအကြောင်းနဲ့ပတ်သက်ပြီး အေဘရာဟမ်က “ပွဲမစတင်ခင်မှာပဲ ပရိသတ်တွေကြောင့် ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရနေခဲ့ပါပြီ။ ကွင်းထဲကို မဝင်ခင်ကတည်းက ပရိသတ်တွေရဲ့ အားပေးသံတွေကို ကြားနေရပြီး ကွင်းအတွင်း သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာလည်း အားပေးသံတွေကို တလျှောက်လုံး ကြားနေရတယ်။ ဒီနိုင်ပွဲက ပရိသတ်တွေနဲ့ အသင်းအတွက်ပါပဲ။ ဒီလိုပုံစံမျိုးနဲ့ အားလုံးလုပ်ဆောင်သွားမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော့်အလုပ်ကတော့ ဧရိယာထဲမှာ လှုပ်လှုပ်ရှားရှား ရှိနေဖို့ပါ။ ကျွန်တော်က အဲ့ဒီလို တိုက်စစ်ကစားသမားမျိုးပါ။ ကျွန်တော့်ဆီ အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့ရင် အဲ့ဒီအခွင့်အရေးကို အသုံးချနိုင်အောင် ကြိုးစားရပါမယ်။ ကျွန်တော်က ခေါင်းတိုက် အရမ်းကောင်းတဲ့သူ မဟုတ်ပေမယ့်လည်း ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ ခေါင်းတိုက်ဂိုးကတော့ တော်တော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်ရော ကျွန်တော့်အသင်းဖော်တွေပါ အရမ်း ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့တွေ အားလုံးပေးဆပ်ခဲ့ကြတယ်။ နောက်ဆုံးမိနစ်ပိုင်းလောက်မှာ အသက်မရှုနိုင်လောက်အောင် ဖြစ်ခဲ့ရသေးတယ်။ ဒါပေမယ့် မော်ရင်ဟိုက ကျွန်တော့်ကို ဆက်လက်တိုက်ပွဲဝင်ဖို့ မှာကြားခဲ့သလို ကျွန်တော်တို့တွေ အဆုံးထိ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။