လူငယ်တိုက်စစ်ကစားသမားလေး တမ်မီအေဘရာဟမ်ကတော့ ဒီနှစ်ဘောလုံးရာသီကမှ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှာ စတင်ပွဲထွက်ခွင့်တွေ ရရှိခဲ့တာဖြစ်ပေမယ့် သူ့ကို ယုံယုံကြည်ကြည်နဲ့ နေရာပေးလာချိန်မှာ အသင်းအတွက် သွင်းဂိုးတွေပါ ရယူပေးလာခဲ့ရာ အခုဆိုရင် ဒီရာသီ သူရဲ့ပရီးမီးယားလိဂ်သွင်းဂိုးက ၁၃ဂိုးအထိရှိခဲ့ပြီး ပြိုင်ပွဲစုံမှာတော့ ၁၅ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် ညက ကျင်းပပြုလုပ်ခဲ့တဲ့ London Football Awards ဆုပေးပွဲမှာ သူ့ကို ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုနဲ့ လူငယ်အကောင်းဆုံးဆုတွေ ပေးအပ်သွားခဲ့ပါတယ်။

Photo Credit : Getty Image

အသက်၂၂နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ဒီရာသီမှာမှ အက်စတွန်ဗီလာအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို အငှားစာချုပ်ပြည့်လို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ကာ ကစားသမားသစ်ခေါ်ယူမှုကလည်း ပိတ်ပင်ခံထားရချိန်ဖြစ်လို့ နည်းပြဖရန့်လမ်းပတ်က သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် ယုံယုံကြည်ကြည် နေရာပေးခဲ့ရာကနေ အသင်းအတွက် သွင်းဂိုးတွေ ရယူပေးလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အေဘရာဟမ်ဟာ သူရဲ့စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ထားခံရသလို London Football Awards ကနေ ချီးမြှင့်ခဲ့တဲ့ အမြင့်ဆုံးဆုတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

London Football Awards ဆိုတာ နှစ်စဉ်နှစ်တိုင်း ပေးအပ်နေကြ ဘောလုံးဆုတစ်ဆုဖြစ်ပြီးတော့ လန်ဒန်အခြေစိုက် အင်္ဂလန်ဘောလုံးကလပ်အသင်းတွေမှာ ခြေစွမ်းပြကစားခဲ့သူတွေကို ရွေးချယ်ကာ ဆုတွေချီးမြှင့်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် London Football Awards ရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကိုတော့ စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမားလေး ဆွန်ဟောင်မင်က ပိုင်ဆိုင်နိုင်ခဲ့ကာ ဒီရာသီမှာတော့ ဆွန်ဟောင်မင်နဲ့ အာဆင်နယ်တိုက်စစ်ကစားသမား အူဘာမီယန်းတို့ကို ကျော်ဖြတ်ကာ အေဘရာဟမ်က ဒီဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်သလို လူငယ်အကောင်းဆုံးကစားသမားဆုကိုလည်း သူရဲ့ချယ်လ်ဆီးအသင်းဖော် မေဆန်မောင့်ကို ကျော်ဖြတ်ကာ ပိုင်ဆိုင်နိုင်ခဲ့ပြန်ပါတယ်။ London Football Awards ရဲ့တစ်ရာသီအတွင်း အကောင်၏းဆုံးနည်းပြဆုကိုတော့ ဘရန့်ဖိုဒ့်အသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်က ပိုင်ဆိုင်ခဲ့ပါတယ်။