ဒီနေ့ညမှာတော့ ဘောလုံးချစ်ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဥရောပဘောလုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲက ပြန်လည်စတင်တော့မှာဖြစ်ပြီး (၁၆)သင်းအဆင့် ရှံးထွက်ပွဲတွေကို ပြန်လည်ကျင်းပစေမှာဖြစ်ပါတယ်။ ဒီနေ့ညရဲ့ (၁၁)နာရီခွဲအချိန်မှာတော့ ကိုပင်ဟေဂင်နဲ့ ဘာရှက်ဆီဟီအသင်းတို့ပွဲစဉ်နဲ့ ရှက်တာတာဒိုးနက်နဲ့ ဝုလ်ဖ်ဘတ်အသင်းတို့ပွဲတွေကို ကျင်းပသွားမှာဖြစ်ပြီး ဒီအသင်း(၄)သင်းထဲကမှ တူရကီကလပ် ဘာရှက်ဆီဟီအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

တူရကီကလပ်အသင်းတွေလို့ ပြောလိုက်ရင် ဘောလုံးပရိသတ်တော်တော်များများ ပြေးမြင်မိကြတာက ဖီနာဘာချီ ဘက်ရှီးတက်စ် ဂါလာတာစာရေး ထရက်ဇွန်စပေါတို့လို အသင်းတွေဖြစ်ပြီး အစ္စတန်ဘူလ်ဘာရှက်ဆီဟီကတော့ ဒီဘက်နောက်ပိုင်းမှာ ခြေစွမ်းပိုမိုပြလာတဲ့ အသင်းဖြစ်သလို ဒီနှစ်ဘောလုံးရာသီမှာလည်း တူရကီအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးထားတဲ့အသင်းဖြစ်ပါတယ်။ ဒါဟာ အသင်းရဲ့သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် တူရကီချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အသင်းမှာလည်း ပရိသတ်နဲ့ ရင်းနှီးနေမယ့် ကစားသမားကြီးတွေ ရှိလို့နေပါတယ်။

အာဆင်နယ် မန်စီးတီးအသင်းတို့ရဲ့ ပြင်သစ်နောက်ခံကစားသမားဟောင်း ကလစ်ချီ လီဗာပူးလ်ပရိသတ်တွေရဲ့အသည်းကျော်ကစားသမားဖြစ်ခဲ့တဲ့ နောက်ခံလူစကာတဲလ် နယူးကာဆဲလ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့တိုက်စစ်မှူးဟောင်းကြီး ဒမ်ဘာဘာနဲ့ တချိန်က ရီးရဲလ်မက်ဒရစ် မန်စီးတီးနဲ့ အေစီမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုတို့ကို ပိုင်ဆိုင်ထားတဲ့ ဘာရှက်ဆီဟီဟာ ဒီဝါရင့်ကစားသမားတွေ တူရကီကစားသမားတွေ တခြားကစားသမားတွေကို ပေါင်းစပ်ပြီး အုပ်စုအဆင့်မှာ ရိုးမား မိုချန်ဂလာဘတ်ချ်တို့လို ဥရောပအသင်းကောင်းတွေကိုု ရင်ဆိုင်ကျော်ဖြတ်လာနိုင်ခဲ့တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ (၃၂)သင်းအဆင့်မှာလည်း နာမည်ကျော် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းကို ကျော်ဖြတ်ခဲ့သေးတဲ့ ဘာရှက်ဆီဟီဟာ အခုလည်း ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို ထပ်မံကျော်ဖြတ်သွားဖို့က လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီး စိတ်ဝင်စားစရာကောင်းနေတာ သူတို့အသင်းသာ ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားမယ်ဆိုရင် တစ်ဖက်မှာ သူတို့နဲ့ ဆုံတွေ့နိုင်တာက နာမည်ကျော် ဘောလုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖြစ်လို့ ဒီလိုဆုံတွေ့ခဲ့မယ်ဆိုရင် ထပ်မံကျော်ဖြတ်နိုင်ဦးမလားဆိုတာပါပဲ။