ဆော်ဒီနာမည်ကြီးကလပ် အယ် နက်ဆာရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အဘူဘာကာက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုသာ ရခဲ့ရင် တခါထဲ လက်ခံဖို့ ဆုံးဖြတ်ထားကြောင်း ဆော်ဒီအခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ အော့ကတ်သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၀အရွယ် ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး အဘူဘာကာက ယခုနှစ် ဘောလုံးရာသီ အစကမှ အယ် နက်ဆာထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ အယ် နက်ဆာအတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

အဘူဘာကာက အယ် နက်ဆာနဲ့အတူ သာမန်အဆင့် ခြေစွမ်းသာ ပြသထားနိုင်ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူဟာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီး သူဟာ ကင်မရွန်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မိနစ် ၁၃၀ကျော်သာ ပါဝင် ကစားခွင့်ရခဲ့ပေမယ့် သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အဘူဘာကာက အထောင်တိုက်စစ်နေရာမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်သလို ပေါ်တို ၊ ဘက်ဆစ်တပ် စတဲ့ အသင်းတွေနဲ့လည်း အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်တာကြောင့် တိုက်စစ်မှူး တဦး ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အယ် နက်ဆာကလည်း အသင်းရဲ့ တိုက်စစ်မှူးသစ် ရိုနယ်ဒိုကို လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ရှိရင်းစွဲ နိုင်ငံခြားသား ကစားသမားတွေထဲက တဦးကို လူစာရင်းထဲ ကနေ ထုတ်ပယ်ရဖို့ ရှိနေတာကြောင့် အဘူဘာကာကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့စေချင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး ဆော်ဒီအခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ အော့ကတ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အဘူဘာကာ အတွက် စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့သလို အဘူဘာကာက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကာ မန်ချက်စတာ ယူနိုက်တက်ကသာ သူ့ကို တကယ် ကမ်းလှမ်းခဲ့ရင် မဆိုင်းမတွ သဘောတူလိုက်ဖို့ သူ့ရဲ့ အေးဂျင့်ထံ အသိပေးထားကြောင်း သိရပါတယ်။

ကင်မရွန်းလူမျိုး နာမည်ကြီး သတင်းထောက် ဂယ်ရီ အယ်-စမစ်ကလည်း အဘူဘာကာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်းနဲ့ အဘူဘာကာဟာ မန်ချက်စတာ ယူနိုက်တက် ၊ ဖီနာဘာချီတို့ရဲ့ ကမ်းလှမ်းမှုတွေကို တပြိုင်ထဲ ရခဲ့ပေမယ့် ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း ထပ်ဆင့် ဖော်ပြထားပါသေးတယ်။