ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ တစ်ဦးဖြစ်သူ အဘီဒယ်ကတော့ အသင်းမှာ အသက်အရွယ်ရလာတဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ရဲ့နေရာအတွက် အစားထိုးနိုင်မယ့် တိုက်စစ်မှူးကို ရှာဖွေနေရာမှာ အာဆင်နယ်ရဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ဘာစီလိုနာအသင်းက သဘောကျနေကြောင်း အတည်ပြုပြောဆိုသွားပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းက အူဘာမီယန်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက ထွက်ပေါ်လာတာဖြစ်ပြီး လက်ရှိမှာတော့ အဘီဒယ်က အဆိုပါသတင်းတွေကို အတည်ပြုပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။ အဘီဒယ်က အူဘာမီယန်းရဲ့ ဂိုးသွင်းစွမ်းရည် ဟာ အထင်ကြီးစရာကောင်းကြောင်းနဲ့ ကစားသမားကောင်းတွေကို ခေါ်ယူဖို့ဟာ ဘာစီလိုနာရဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း ပြောဆိုသွားခဲ့တာပါ။

Photo Credit: Marca.com

ဘာစီလိုနာအသင်းက အူဘာမီယန်းကို ခေါ်ယူလိုတဲ့အကြောင်း အဘီဒယ်က ” အူဘာမီယန်းရဲ့အကြောင်းကို ကျွန်တော်က ကောင်းကောင်းသိပါတယ်။ အားကစားနဲ့မဆိုင်တဲ့ ကိစ္စရပ်တွေကိုတော့ မသိဘူးပေါ့။ သူ့ရဲ့မှတ်တမ်းတွေက အရမ်းကိုကောင်းပါတယ်။ ဒီလို ကစားသမားကောင်းတွေကို ခေါ်ယူရတာက အရမ်းကို ကောင်းတဲ့ လုပ်ဆောင်မှုပါ။ ဘာတွေဆက်ဖြစ်မလဲဆိုတာ လာမယ့်နွေရာသီမှာ စောင့်ကြည့်သွားရမှာပါ ” လို့ ပြောဆိုသွားခဲ့တာပါ။

Photo Credit: Marca.com

အသက် ၃၀အရွယ် အူဘာမီယန်းဟာ လက်ရှိ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ၂၃ပွဲအထိ ကစားထားပြီး ၁၄ဂိုးသွင်းယူကာ ၁ဂိုးဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိစျေးကွက်အရ အူဘာမီယန်းရဲ့တန်ကြေးဟာ ယူရို ၅၅သန်း ဝန်းကျင် ရှိနိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။