ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာတော့ လိဒ်ယူနိုက်တက်က ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကို အိမ်ကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူရင်း ဘောလုံးပရိသတ်တွေကို အံ့အားသင့်သွားအောင် လုပ်ဆောင်ပြသွားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ သက်တော်ရှည်အသင်းတွေထဲက တသင်း ဖြစ်တဲ့ လိဒ်ယူနိုက်တက်ဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်း ဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အသင်းငယ် တသင်း ဖြစ်နေပါပြီ။

Photo Credit: Standard

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ လိဒ်ယူနိုက်တက်က ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ပွဲ ကစားထားရာ ၂ပွဲနိုင် ၁ပွဲသရေ ရလဒ်ကို ရရှိထားသလို ချယ်လ်ဆီးကိုလည်း အိမ်ကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ လိဒ်ယူနိုက်တက် အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြသူတွေက အသင်းခေါင်းဆောင် ရိုဒရီဂို ၊ လူငယ်ကြယ်ပွင့် အာရွန်ဆန်နဲ့ တောင်ပံကစားသမား ဟာရီဆန်တို့ ဖြစ်ကြပြီး သုံးဦးစလုံးက လိဒ်ယူနိုက်တက် အတွက် သွင်းဂိုးတွေ အသီးသီး သွင်းယူပေးနိုင်ခဲ့ကြပါတယ်။

Photo Credit: Standard

အထူးသဖြင့် လူငယ်ကြယ်ပွင့် အာရွန်ဆန် အတွက် ချယ်လ်ဆီးနဲ့ပွဲမှာ ရခဲ့တဲ့ သွင်းဂိုးဟာ သူ့ရဲ့ လိဒ်ယူနိုက်တက် ကစားသမား ဘဝမှာ ပထမဦးဆုံး ရရှိခဲ့တဲ့ သွင်းဂိုး ဖြစ်ခဲ့သလို အာရွန်ဆန်က အဆိုပါ သွင်းဂိုးအား လီဗာပူးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖာမီနိုကို အတုယူကာ No Look Goalအနေနဲ့ သွင်းယူခဲ့ကြောင်းလည်း သိရပါတယ်။

အာရွန်ဆန်က ချယ်လ်ဆီးဂိုးသမား မန်ဒီရဲ့ အမှားကနေ တဆင့် လိဒ်ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး အာရွန်ဆန်ဟာ မန်ဒီဆီကနေ ဘောလုံးကို လုယူပြီး ဂိုးပေါက်ထဲ မကန်သွင်းမီမှာ ဘောလုံးနဲ့ ဂိုးပေါက်ကို မကြည့်တော့ပဲ No Look Goal သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

အာရွန်ဆန်က မကြာသေးမီကပဲ သူဟာ လီဗာပူးရဲ့ အမာခံ ပရိသတ်တဦး ဖြစ်ကြောင်းနဲ့ လီဗာပူးရဲ့ ပွဲတွေကို အမြဲတမ်းလိုလို ကြည့်ရှု အားပေးတတ်ကြောင်း ဖွင့်ဟ ဝန်ခံထားတာကြောင့် အာရွန်ဆန်ဟာ ဖာမီနိုရဲ့ စတိုင်အတိုင်း သွင်းဂိုးတွေ လိုက်သွင်းယူနေတာလို့ လိဒ်ယူနိုက်တက် ပရိသတ်တွေက မှတ်ချက်ချထားကြပါတယ်။