မန်ချက်စတာယူနိုက်တက်အသင်းရဲ့ညာနောက်ခံကစားသမား အာရွှန်ဝမ်ဘစ်ဆာခါကတော့ ယူနိုက်တက်အသင်းရဲ့စည်းမျဉ်းတွေကို နားမထောင်ခဲ့ပဲ ကာတာနိုင်ငံ ဒူဘိုင်းကို ခရီးထွက်သွားခဲ့တဲ့အတွက်ကြောင့် အင်္ဂလန်အစိုးရကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ (၁၄)ရက်အထိ Quarantine ဝင်ရတော့မှာဖြစ်လို့ မကြာခင်မှာ စတင်တော့မယ့် ယူနိုက်တက်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေကိုပါ လွဲချော်သွားရနိုင်ဖွယ် ရှိနေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံအစွန်လူ ဝမ်ဘစ်ဆာခါဟာ အသင်းနဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဖြတ်သန်းခဲ့ပြီးနောက်မှာ ကလပ်အသင်းရဲ့အကြံပေးမှုကို နားထောင်ခြင်းမရှိပဲ ဒူဘိုင်းမြို့ကို ခရီးနှင်သွားခဲ့တာကြောင့် ကာတာကနေ အင်္ဂလန်နိုင်ငံ ပြန်လာတဲ့အခါမှာ နှစ်ပတ်ခန့် Quarantine ဝင်ရတော့မှာဖြစ်ပြီး ယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းဆင်းမှုတွေနဲ့ ခြေစမ်းပွဲတွေကိုပါ လွဲချော်ရဖွယ် ရှိလာနိုင်ပါတယ်။ ယူနိုက်တက်အသင်းကလည်း လာမယ့်တစ်ပတ်မှာ ရာသီကြို စခန်းသွင်းလေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်တော့မှာဖြစ်ပြီး ခရီးနှင်ခဲ့လို့ Q ဝင်ရတော့မယ့် ဝမ်ဘစ်ဆာခါကတော့ ဒီလေ့ကျင့်ရေးအစီအစဉ်ကို သေချာပေါက် လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

ဗြိတိန်အစိုးရရဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းစည်းမျဉ်းတွေထဲကမှ Elite Sportperson စည်းမျဉ်းအရ အားကစားသမားတွေ ဗြိတိန်ကို ပြန်လည်ရောက်လာမယ်ဆိုရင် Quarantine ဝင်စရာမလိုအပ်ဘူးဆိုပေမယ့်လည်း ကစားသမားအနေနဲ့ တစ်ဦးတစ်ယောက်ရဲ့ဆန္ဒနဲ့ဟုတ်ပဲ အသင်းရဲ့ခွင့်ပြုချက်ကိုရရှိပြီးမှ နိုင်ငံရပ်ခြားမှာ လေ့ကျင့်ခန်းဆင်းတာ ဒါမှမဟုတ် ပြိုင်ပွဲဝင်ရောက်ဆင်နွဲတာေတွေ ရှိခဲ့ပြီးမှ ဗြိတိန်ကို ပြန်ရောက်လာတာကိုပဲ လက်ခံသွားမှာဖြစ်လို့ ဝမ်ဘစ်ဆာခါအနေနဲ့ ဒီအချက်တွေနဲ့ သွေဖွယ်သွားခဲ့ရတဲ့အတွက် သေချာပေါက်ကို Q ဝင်ရတော့မှာဖြစ်ပါတယ်။ ဝမ်ဘစ်ဆာခါဟာ ဒူဘိုင်းကို ရောက်ရှိခဲ့စဉ်အတွင်း ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာတော့ ရလဒ်အနေနဲ့ Negative သာ ထွက်ခဲ့ပြီး အခု အင်္ဂလန်ကို ပြန်ရောက်လာချိန်မှာလည်း ယူနိုက်တက်အသင်းနဲ့ နောက်ထပ်စစ်ဆေးမှုကို ထပ်မံလုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ကစားသမားတွေကို ခရီးထွက်ခွင့် ပြုထားခဲ့ပေမယ့်လည်း ကိုဗစ်ဂယက် သိပ်မရှိလောက်တဲ့ နိုင်ငံတွေဆီကိုသာ သွားရောက်ခွင့်ပြုထားပြီး ခရီးကနေ ပြန်လာချိန်မှာလည်း Quarantine ဝင်စရာမလိုအပ်ဘူးလို့ ထုတ်ပြန်ထားခဲ့ပေမယ့် ဘစ်ဆာခါကတော့ အသင်းရဲ့စည်းမျဉ်းကိုပါ ချိုးဖောက်ခဲ့လို့ ဒဏ်ရိုက်ခံရဖွယ် ရှိနေပါတယ်။