Sky Italy သတင်းက စီးရီးအေ ချန်ပီယံ ဂျုဗင်တပ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ အာရွန် ရမ်ဆေးလ်ကို ရောင်းချချင်နေပြီး အာရွန် ရမ်ဆေးလ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာကြမယ့် အသင်းတွေကိုလည်း ကြိုဆိုလျက် ရှိနေတယ်လို့ အခိုင်အမာ ဖော်ပြသွားတာ ဖြစ်ပါတယ်။  ဝေးလ် လက်ရွေးစင် ကွင်းလယ် ကစာသမား ရမ်ဆေးလ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အာဆင်နယ်အသင်းကနေ ဂျုဗင်တပ်အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဂျုဗင်တပ်အသင်းမှာ (၁) နှစ်ကြာပဲ ကစားရသေးတာ ဖြစ်ပါတယ်။

Photo Credit: SkySports

ယခုအပတ် အစောပိုင်းက ဂျုဗင်တပ် နည်းပြ ဆာရီရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံလိုက်ရတဲ့ ဂျုဗင်တပ် နည်းပြသစ် အန်ဒရီ ပီယာလိုဟာ အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ ကွင်းလယ်လူ ရမ်ဆေးလ် နဲ့ ကွင်းလယ်လူ မာတူဒီတို့ကို ရောင်းချဖို့ ပြင်ဆင်လျက် ရှိပါတယ်။ ဂျုဗင်တပ် ကွင်းလယ်လူ မာတူဒီဟာ အမေရိကန် အခြေစိုက် မေဂျာလိဂ် ပြိုင်ပွဲက ဘက်ခမ်းရဲ့ မီယာမီအသင်းကို ပြောင်းရွှေ့သွားဖွယ် ရှိပြီး နောက်ထပ် ကွင်းလယ်လူ ရမ်ဆေးလ်ဟာလည်း လက်ရှိရာသီမှာ ဂျုဗင်တပ်အသင်းကနေ အခြားအသင်းကို ပြောင်းသွားနိုင်ချေ ရှိလာပါတယ်။

Photo Credit: SkySports

ကွင်းလယ်လူ ရမ်ဆေးလ်ဟာ လက်ရှိရာသီမှာ ဂျုဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၅) ပွဲ ကစားထားရာမှာ သွင်းဂိုး (၄) ဂိုးအထိ သွင်းယူထားတာ ဖြစ်ပြီး ဂျုဗင်တပ်အသင်းကလည်း လက်ရှိရာသီမှာ စီးရီးအေ ဆုဖလားကို (၉) ကြိမ်ဆက်တိုက် သိမ်းပိုက် ရယူသွားနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူ ရမ်ဆေးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်သွားချင်နေတာကြောင့် ပရီးမီးယားလိဂ် အသင်းတွေနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး ဂျုဗင်တပ် တိုက်စစ်မှူး ဟီဂူအင် နဲ့ ကွင်းလယ်လူ ခါဒီယာတို့လည်း အသင်းကနေ ထွက်သွားနိုင်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လိုင်ယွန်အသင်းကြောင့် ချန်ပီယံ လိဂ် (၁၆) သင်းအဆင့် ပွဲစဉ်ကနေ ထွက်သွားခဲ့ပြီးနောက် နည်းပြသစ် ပီယာလိုကို ခန့်အပ်ခဲ့ပြီး နည်းပြ ပီယာလိုကတော့ ဂျုဗင်တပ်အသင်းကို အသစ် ပြန်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။