ဆီဗီလာအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ စပိန်လူမျိုး ဘောလုံးနည်းဖြစ်တဲ့ ဂျူလန်လိုပက်တယ်လီက ဒီနေ့ညမှာ သူတို့အသင်းနဲ့ ဥရောပစူပါဖလားဖိုင်နယ် ပွဲစဉ်အဖြစ်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ကစားသွားရမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဥရောပဘောလုံးနယ်ပယ်အတွင်းမှာ အမြဲတမ်းပေါ်လေ့မရှိတဲ့ အသင်းကောင်းတစ်သင်းနဲ့ဖြစ်ပြီး သူတို့တွေနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့်အပေါ် အရမ်းကို စိတ်လှုပ်ရှားမိတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ဟာ ဒီနေ့ည (၁)နာရီခွဲအချိန်မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ရှိ ပွတ်စကပ်ရှ်စ်အရီနာကွင်းကြီးထဲမှာ ဥရောပစူပါဖလားပြိုင်ပွဲကို ဆင်နွဲရတော့မှာဖြစ်ပြီး ဒီပွဲနဲ့ပတ်သက်ပြီး ဆီဗီလာအသင်းရဲ့နည်းပြလိုပက်တယ်လီက ပြိုင်ဘက်ဘိုင်ယန်အသင်းကို ချီးမွမ်းပြောဆိုလိုက်ပါတယ်။ လိုပက်တယ်လီက “ဒီလိုအသင်းမျိုးက ဥရောပမှာ နှစ်ပေါင်းများစွာ ပေါ်လေ့ပေါ်ထမရှိတဲ့ အသင်းကောင်းမျိုးပါ။ ပြီးတော့ သူတို့အသင်းမှာ အသင်းအတွက် အောင်မြင်မှုတွေ အရယူပေးနိုင်မယ့် နည်းပြကောင်းတစ်ယောက်လည်း ရှိနေပါသေးတယ်”

Photo Credit : Youtube

“သူဒီအသင်းအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေက တကယ့်ကို ခက်ခဲတဲ့အရာတွေပါ။ သူတို့တွေအားလုံးကလည်း သူတို့ဘယ်လိုဆော့ကစားချင်လဲဆိုတာကို သိနေသလို ဘယ်လိုတိုက်စစ်လမ်းကြောင်းနဲ့ ကစားချင်သလဲ ဘယ်လိုခံစစ်ပုံစစ်နဲ့ ကစားချင်သလဲဆိုတာကိုလည်း ကောင်းကောင်းသိနေပါတယ်။ ကျွန်တော်တို့အသင်းကလည်း မျှော်လင့်ချက်တွေ အမြင့်မားဆုံးထားပြီး သူတို့တွေနဲ့ ရင်ဆိုင်သွားမှာပါ။ ဒီလို အသင်းမျိုးနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်လို့လည်း ကျွန်တော်တို့အသင်းဘက်က ပိုပြီးစိတ်ဓါတ်ခွန်အားဖြစ်စေရသလို အသင်းလည်း အတွေ့အကြုံကောင်းတွေ တိုးလာမှာပါ။ ဘိုင်ယန်နဲ့ ရင်ဆိုင်သွားဖို့ ကျွန်တော်တို့အသင်းဆီမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အားကောင်းဖို့ လိုအပ်နေပြီးတော့ အသင်းလိုက်စုစည်းမှုလည်း ကောင်းမွန်ဖို့ လိုပါတယ်။ သူတို့အသင်းကို ခက်ခဲအောင် ကစားပြီးတော့ ပြိုင်ပွဲမှာ အနိုင်ရအောင် ကြိုးစားကစားသွားဖို့ကိုလည်း ဆုံးဖြတ်ချက်ထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘိုင်ယန်နဲ့ ဆီဗီလာအသင်းတို့ဟာ (၂၁)ရာစုအတွင်း ဥရောပပြိုင်ပွဲတွေမှာ (၂)ကြိမ်ပဲ တွေ့ဆုံခဲ့ဖူးပြီး ဘိုင်ယန်က တစ်ကြိမ်အနိုင်ရထားခဲ့ကာ နောက်တစ်ကြိမ်ကတော့ သရေကျထားခဲ့ပါတယ်။ နောက်ပြီး နှစ်သင်းလုံးကလည်း ဥရောပစူပါဖလားမှာ အောင်မြင်မှုရယူမှု သိပ်မရှိထားခဲ့တဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာတော့ သေချာနေပါတယ်။