MySport Myanmar

UEFA Nations League က အရေးမပါတဲ့ ပြိုင်ပွဲတစ်ခုလို့ ဒီဘရိုင်းနား ပြစ်တင်ဝေဖန်

မန်ချက်စတာစီးတီးအသင်းနဲ့အတူ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဒီဘရိုင်းနားက ဘောလုံးရာသီတစ်ခု ကုန်ဆုံးပြီး ရက်ပိုင်းအတွင်းမှာပဲ ရက်ရှည်အနားယူရခြင်း မရသေးပဲ နိုင်ငံအသင်းနဲ့ UEFA Nations League ပြိုင်ပွဲတွေကို ဆက်လက်ဆင်နွဲရဖို့ ရှိနေတဲ့အတွက် Nations League က အရေးမပါတဲ့ ပြိုင်ပွဲတစ်ခုလို့ ပြစ်တင်လိုက်ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ တစ်ရာသီလုံး မန်စီးတီးအသင်းအတွက် (၄၅)ပွဲအထိကို ပါဝင်ကစားထားပေးခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲစေခဲ့သလို ချန်ပီယံလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေမှာလည်း ဆီမီးဖိုင်နယ်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ တစ်ရာသီလုံးမှာ အသင်းအတွက် ပွဲပေါင်းများစွာ ပါဝင်ထားခဲ့တဲ့ ဒီဘရိုင်းနားဟာ အခုဆိုရင် ဘောလုံးရာသီ ကုန်ဆုံးချိန်ကို ရောက်ရှိလာခဲ့ပေမယ့် နိုင်ငံအသင်းရဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်ရဖို့ ရှိနေရပြီး ဇွန်လလယ်လောက်အထိ UEFA Nations League အုပ်စုအဆင့်ပွဲစဉ်တွေကို ဆက်တိုက်ဆင်နွဲသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

Nations League ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဒီဘရို်င်းနားက “ကျွန်တော့်အတွက်ကတော့ Nations League ပြိုင်ပွဲက အရေးမကြီးတဲ့ ပြိုင်ပွဲတစ်ခုလိုပဲ။ ကျွန်တော်တို့က ဒီပွဲတွေကို ကစားနေရတယ်ဆိုပေမယ့် ဒီပွဲတွေက လေ့ကျင့်နေတဲ့ ပွဲတွေလိုပဲ။ ဘောလုံးသမားတိုင်းအတွက်က အလွန်ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ဖူးမှာပါ။ ကွင်းထဲကို ရောက်တာနဲ့ ကျွန်တော်တို့ လုပ်စရာရှိတာတွေကို ကျွန်တော်တို့ လုပ်ဆောင်ရတယ်။ ပြီးရင် ကျွန်တော် အနိုင်ယူချင်တယ်။ အဲ့ဒါအပြင် ကျွန်တော့်မှာ ပြောစရာ အများကြီး မရှိပါဘူး။ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာ မရှိပါဘူး။ ကစားသမားများအနေနဲ့ အားလပ်ရက်တွေ အနားယူခြင်းတွေအကြောင်းကို ပြောဆိုနိုင်ပေမယ့် ကျွန်တော်တို့မှာ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့တွေက (၁၂)လတိုင်းမှာ အားလပ်ရက်အတွက် (၃)ပတ်ကျော်ကျော်လောက်ကိုသာ တစ်ကြိမ်လောက် ရရှိနေပါတယ်။ ဘောလုံးရာသီတစ်ခုအပြီး ဘောလုံးသမားတစ်ဦးရဲ့ ခံစားချက်ကို အပြင်လူတွေက နားမလည်ကြဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ပြောစရာ ရှိမနေသလို ဘာတစ်ခုမှလည်း ပြောင်းလဲလာမှာ မဟုတ်ပါဘူး” လို့ ညည်းတွားပြောဆိုလိုက်ပါတယ်။

Exit mobile version