ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆီဗီလာအသင်းမှာ အထူးခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဆုဖလားကြီးပါ ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်နောက်ခံအစွန်လူ ဆာဂျီယိုရယ်ဂီလွန်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်တစားပစ်မှတ်ထားလျက်ရှိနေကြပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆီဗီလာအသင်းတို့ကနေလည်း အပြိုင်ကမ်းလှမ်းနေကြတာဖြစ်လို့ သူရဲ့အနာဂတ်ကို အခုတစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်ချက်ချမှတ်သွားဖွယ် ရှိနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ရယ်ဂီလွန်ဟာ ရီးရဲလ်မက်ဒရစ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဆီဗီလာအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ကာ အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ရီးရဲလ်အသင်းရဲ့ဘယ်ခြမ်းခံစစ်မှာ မာဆယ်လိုနဲ့ မန်ဒီတို့လို ကစားသမားကောင်းတွေ ရှိနေတဲ့အတွက် ရယ်ဂီလွန်ကို အသင်းမှာ ပြန်လည်အသုံးပြုဖို့အတွက် ခက်ခဲလျက်ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရီးရဲလ်အသင်းဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ တိုးတတ်ကောင်းမွန်နိုင်အောင် ရယ်ဂီလွန်ကို အသင်းကနေ ရောင်းချသွားဖွယ်သာ ရှိလို့နေပါတယ်။

Photo Credit : Youtube

ဒီလိုအခြေအနေရှိနေတဲ့ ရယ်ဂီလွန်ကို ခေါ်ယူသွားဖို့အတွက် မန်ချက်စတာယူနိုက်တက် လာဇီယို နာပိုလီ ဂျုဗင်တပ်စ် စပါးအသင်းတွေအပြင် ပြီးခဲ့တဲ့ရာသီတုန်းက အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဆီဗီလာအသင်းကပါ အပြီိးသတ်ခေါ်ယူဖို့အထိပါ အပြိုင်ပစ်မှတ်ထားလာခဲ့ကြပါတယ်။ ရီးရဲလ်အသင်းဘက်ကတော့ ရယ်ဂီလွန်ကို နောက်ထပ်အငှားချသွားဖို့ထက် ယူရိုသန်း(၂၅)သန်းနဲ့ သန်း(၃၀)ကြားလောက်နဲ့ ရောင်းချသွားချင်နေပါတယ်။ လတ်တလောမှာတော့ ရယ်ဂီလွန်ကို ခေါ်ယူသွားဖို့အတွက် ယူနိုက်တက်အသင်းဘက်ကနေ အမှန်အကန်ကြိုးပမ်းလျက်ရှိနေပြီး လုခ်ရှောနဲ့ လူငယ်ကစားသမားလေး ဘရန်ဒန်ဝီလီယံစ်တို့နှစ်ယောက်သာရှိနေတဲ့ အသင်းရဲ့ဘယ်ခြမ်းနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့အတွက် ရယ်ဂီလွန်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဆီဗီလာအသင်းကလည်း ရယ်ဂီလွန်ကို နောက်ထပ်တစ်ရာသီအငှား ဒါမှမဟုတ် အပြီးသတ်ခေါ်ယူချင်နေတာကြောင့် ရယ်ဂီလွန်အနေနဲ့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်တစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်ချက်ချသွားဖွယ် ရှိနေတယ်လို့ စပိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။