နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ (၅)နှစ်စာချုပ်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မကြာမီမှာပဲ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးအတွက် ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းမှုကို နယူးကာဆယ်ထံ တင်သွင်းသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဖရန့်ဖတ်အသင်း ပြင်သစ်တိုက်စစ်မှူး ဟူဂို အီကီတီကီ အပါအဝင် ကစားသမားသစ်တွေအတွက် ပေါင်သန်း(၃၀၀)နီးပါး သုံးစွဲထားပြီးဖြစ်ပါတယ်။

Photo Credit : Reuters

Sky Sports ဆွစ်ဇာလန်ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ အီဆက်ခ်ဘက်ကနေ အပြောင်းအရွှေ့အတွက် မီးစိမ်းပြပြီးနောက်မှာ နယူးကာဆယ်ထံ ပထမဆုံး တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ သူတို့ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် (၅)နှစ်စာချုပ်ကို ပြင်ဆင်ထားပြီး ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၀၀)နဲ့ စတင်ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ နယူးကာဆယ်အသင်းကတော့ အီဆက်ခ်ကို ပေါင်သန်း(၁၅၀)အထိ တန်ဖိုးဖြတ်ထားပေမယ့် လီဗာပူးဘက်ကတော့ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ပေါင် သန်း(၁၂၀)လောက်နဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာပဲ လေဗာကူဆင်ကနေ ဖလော်ရီယန် ဝါ့စ်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး တိုက်စစ်ကစားသမား အီကီတီကီကိုလည်း ခေါ်ယူထားသလို နောက်ထပ် ကြယ်ပွင့်တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူနိုင်ဖို့အတွက် ဘဏ္ဍာရေးအင်အား တောင့်တင်းနေပါတယ်။ အသင်းရဲ့ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကို ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချဖို့ သဘောတူညီမှုရရှိထားတာကြောင့် အသင်းဘဏ်စာရင်းထဲမှာ ငွေအလုံအလောက် ရှိနေတာဖြစ်ပါတယ်။

Photo Credit : Leadership Newspaper

ဒါ့အပြင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာလည်း ဒီယက်ဇ်ရဲ့ခြေရာအတိုင်း အန်ဖီးလ်ကွင်းကနေ ထွက်ခွာသွားနိုင်ခြေရှိနေပြီး ဥရုဂွေးတိုက်စစ်မှူးကို အီတလီချန်ပီယံ နာပိုလီအသင်းနဲ့ ဆော်ဒီ ပရိုလိဂ်ကလပ်အချို့က ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေကြပါတယ်။

နည်းပြအာနေး စလော့ရဲ့ လီဗာပူးအသင်းဟာ လက်ရှိမှာ ရာသီကြို ခြေစမ်းပွဲစဉ်တွေအတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့ ဇူလိုင်(၃၀)ရက်နေ့မှာ ဂျပန် ဂျေလိဂ်ကလပ် ယိုကိုဟားမား အက်ဖ် မာရင်နို့စ်အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ ကစားသွားဖို့ စီစဉ်ထားပါတယ်။