ချယ်လ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အသင်းအနေနဲ့ ဘောလုံးကိုင်ကစားတဲ့အခါ ပိုပြီးစိတ်ရှည်ဖို့ လိုအပ်တယ်လို့ နောက်ခံလူ မာ့ခ် ကူကူရယ်လာက ယုံကြည်နေပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ ပက်ဒရို နက်တိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဖလာမင်ဂိုအတွက် ဘရူနို ဟင်းနရစ်က တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့ကာ ဝေါလေ့စ် ယန်က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဘက်မှာတော့ နီကိုလပ်စ် ဂျက်ဆင်က အနီကတ်ပြခံခဲ့ရလို့ ကစားသမား တစ်ယောက်လျော့ဖြင့် ပွဲကိုအဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : We Ain’t Got No History

ဒီရှုံးပွဲကြောင့် နည်းပြ အန်ဇို မာရက်စကာရဲ့ ချယ်လ်ဆီးအသင်းဟာ အုပ်စု (D) မှာ ဖလာမင်ဂိုရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ရင်တောင် ဥရောပထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၄၈.၅% သာရှိခဲ့ပြီး ကွန်းဖရန့်စ်လိဂ် ချန်ပီယံတွေအနေနဲ့ ဒီပွဲမှာ တိုက်ရိုက်ကစားပုံမျိုးကို ပိုမိုအာရုံစိုက်ခဲ့တယ်လို့ ကူကူရယ်လာက ဆိုပါတယ်။ ဒါဟာ အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် ပြောင်းလဲဖို့လိုအပ်တဲ့အချက် ဖြစ်နိုင်ပါတယ်။ “ကျွန်တော်တို့ ဘောလုံးကို ပိုကိုင်ကစားနိုင်ခဲ့ရမှာပါ။” လို့ ကူကူရယ်လာက DAZN ကို ပြောပါတယ်။

Photo Credit : beIN SPORTS

“ကျွန်တော်တို့ တိုက်ရိုက်ကစားပုံကို ပိုအားပြုခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ဘောလုံးကိုင်ကစားတဲ့နေရာမှာ စိတ်ရှည်မှုမရှိခဲ့ဘူး။ ဒါက ကျွန်တော်တို့ အများကြီး တိုးတက်အောင်လုပ်ရမယ့် အချက်ပါ။ အခုတော့ နောက်ပွဲမှာ ပိုကောင်းအောင် ဘာတွေလုပ်နိုင်မလဲဆိုတာကို ဗီဒီယိုမှတ်တမ်းတွေ ပြန်ကြည့်ပြီး ပြင်ဆင်ဖို့ အချိန်ရပါပြီ။ ပွဲချိန်အများစုမှာတော့ ကျွန်တော်တို့ ကစားပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမဂိုးပေးလိုက်ရတဲ့အချိန်မှာ သူတို့ပရိသတ်တွေရဲ့ အားပေးသံတွေ ကျယ်လောင်လာပြီး သူတို့အတွက် ခံစားချက်ကောင်းတွေ ရသွားတယ်။ အဲ့ဒီနောက်မှာပဲ ဒုတိယဂိုးကို ချက်ချင်းပေးလိုက်ရတယ်။ ဒါက ကျွန်တော်တို့ ပြုပြင်ရမယ့်အချက်ပဲ။”

“ကျွန်တော်တို့ ကစားပွဲကို ပိုထိန်းချုပ်နိုင်ဖို့ အချို့အချိန်တွေမှာ ဒုက္ခခံ ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ နောက်တစ်ပွဲကျန်သေးပြီး အဲ့ဒီပွဲကိုအနိုင်ရရင် နောက်တစ်ဆင့်တက်မှာဖြစ်လို့ ဒါပါပဲ။” လို့ ကူကူရယ်လာက ဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို ဇွန်လ ၂၄ ရက်နေ့မှာ တူနစ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဖလာမင်ဂိုအသင်းကတော့ လော့စ်အိန်ဂျလိစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။