မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လန်းကို အသင်းကနေ ထုတ်ပယ်ဖို့ စဉ်းစားနေချိန်မှာ စီးရီးအေက ကလပ်အသင်းများစွာက ဟွိုင်လန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ဒုတိယမြောက်ရာသီက အိပ်မက်ဆိုးလို ဖြစ်ခဲ့ရပြီး အီတလီကို ပြန်သွားနိုင်ခြေရှိပါတယ်။ နာမည်ကျော် ဘောလုံးသတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ဟာ အတ္တလန်တာ ကစားသမားဟောင်း ဟွိုင်လန်းကို စုံစမ်း မေးမြန်းဖူးပြီး အင်တာမီလန်ကလည်း သူ့ကို စိတ်ဝင်စားကြောင်း နောက်ဆုံး ထွက်ပေါ်ထားတဲ့ ကလပ်အသင်းလည်း ဖြစ်ပါတယ်။
Photo Credit : Manchester World
ဟွိုင်လန်းဟာ ၂၀၂၃ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီးကတည်းက အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။ ဟွိုင်လန်းက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၉၄)ပွဲမှာ (၂၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာဆိုရင်လည်း (၅၁)ပွဲမှာ (၁၀)ဂိုးသာ ရရှိထားပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကစားသမားအချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေပြီး ဒိန်းမတ် လက်ရွေးစင် ဟွိုင်လန်းကိုလည်း အဲ့ဒီထဲက တစ်ဦးအဖြစ် ထည့်သွင်း စဉ်းစားနေပါတယ်။
တကယ်တော့ ယူနိုက်တက်က တိုက်စစ်ပိုင်းအတွက် ဟယ်ရီကိန်းကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့်လည်း ကိန်းကို မခေါ်နိုင်ခဲ့လို့ သူ့အစား ဟွိုင်လန်းကိုသာ ခေါ်ယူခဲ့ရတာဖြစ်ပြီး proven မဖြစ်သေးတဲ့ ဟွိုင်လန်းအတွက်ကိုပါ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၆၄)သန်း + အပိုဆုကြေး ပေါင်(၈)သန်းအထိတောင် ပေးချေခဲ့ရပါသေးတယ်။
Photo Credit : Goal
ဟွိုင်လန်းဟာ တနင်္ဂနွေနေ့မှာ အက်စတွန် ဗီလာနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားရဖို့ ရှိနေသေးပြီး အဲ့ဒီပွဲစဉ်ဟာ သူ့အတွက်တော့ ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်ဘက်က အသင်းနည်းပြ ရူဘင် အမော်ရင်အတွက် ဒီနွေရာသီမှာ အထောင်တိုက်စစ်မှူးအသစ် ခေါ်ယူဖို့က ဦးစားပေး ကိစ္စရပ်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကနေ တန်းတင်းသွားတဲ့ အစ်ဆွစ်ချ်က လီယမ် ဒီလက်ပ်ဟာ အဓိက ပစ်မှတ်ဖြစ်ပြီး မာသီးယပ်စ် ကူညာလည်း ဝုလ်ဗ်အသင်းကနေ ရောက်ရှိလာဖို့ များတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။