မန်ချက်စတာ ယူနိုက်တက်အသင်းက ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၀-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းရဲ့ ခြေစွမ်းက လုံးဝ လုံလောက်မှု မရှိဘူးလို့ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ဝန်ခံပြောကြားခဲ့ပါတယ်။
ဆူချက်နဲ့ ဘိုဝင်တို့က ပထမပိုင်းနဲ့ ဒုတိယပိုင်းအစောပိုင်းတွေမှာ တစ်ဂိုးစီသွင်းယူပြီး ဝက်စ်ဟမ်းကို ၂၀၀၆-၀၇ ဘောလုံးရာသီနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ် လိဂ်ပွဲအနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ ယူနိုက်တက်ကို ထိပ်တန်းလိဂ်ပွဲစဉ်နှစ်ပွဲစလုံး အနိုင်ယူနိုင်ခဲ့တာဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပဉ္စမအကြိမ်မြောက်ပဲ ဖြစ်ပါတယ်။
Photo Credit : Evening Standard
ယူနိုက်တက်အတွက်တော့ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ နောက်ထပ်ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး သူတို့ဟာ ဂိုးပေါက်ကန်ချက် အကြိမ်(၂၀) ကန်သွင်းခဲ့ပြီး မျှော်မှန်းဂိုး (xG) ၂.၂၈ အထိ ရရှိခဲ့ပေမဲ့ ဝက်စ်ဟမ်း ဂိုးသမား အေရီယိုလာကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒီရလဒ်ကြောင့် ယူနိုက်တက်ဟာ အဆင့်(၁၆)နေရာကို ရောက်ရှိသွားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း(၉)ပွဲအထိ ရှုံးနိမ့်ခဲ့ကာ တစ်ရာသီအတွင်း အိမ်ကွင်းရှုံးပွဲ အများ ဆုံးစံချိန်ကို မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီပွဲမှာ အခွင့်အရေးနှစ်ကြိမ်လောက် လွဲချော်ခဲ့တဲ့ ဖာနန်ဒက်စ်က အသင်းဟာ တနင်္ဂနွေနေ့ပွဲရဲ့ fianl third zone မှာ ဂိုးသွင်းနိုင်စွမ်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ယူနိုက်တက် အသင်းခေါင်းဆောင်က “ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမဲ့ ဒါက မလုံလောက်ပါဘူး။ ကျွန်တော်တို့ရတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲရပါမယ်။ ဒီနေ့က စိတ်ပျက်စရာကောင်းတဲ့နေ့ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အဲဒါကို မလုပ်နိုင်ခဲ့လို့ပါ။”
Photo Credit : Football365
“ကျွန်တော်တို့ ပိုမိုအားကောင်းရပါမယ်။ ဂိုးသွင်းယူဖို့ ပိုမိုဆန္ဒပြင်းပြရပါမယ်။ ဘောလုံးကို ပြိုင်ဘက်ဧရိယာထဲ ပိုထည့်ပေးရပါမယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ရင်တော့ ဂိုးသွင်းနိုင်အောင် ကြိုးစားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၄၂)ဂိုးသာ ရရှိထားတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း ရုန်းကန်မှုတွေကိုလည်း ဝန်ခံခဲ့ပါတယ်။
“ရှင်းပြဖို့ ခက်ပါတယ်။ လူတိုင်း ဂိုးသွင်းချင်ကြတာပါပဲ။ ဒီရာသီက ကျွန်တော်တို့အတွက် ဂိုးတွေရဖို့ရာ ရာသီမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒါကို တိုးတက်အောင် လုပ်ရပါမယ်။ အများကြီး ပိုကောင်းအောင် လုပ်ရပါမယ်။ ပြီးတော့ ပိုပြီး ပြင်းထန်တဲ့ ကစားပုံရှိရပါမယ်။” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ်ရာသီက မေ့ပစ်ချင်စရာကောင်းတယ်ဆိုပေမဲ့ အသင်းဖော်တွေဟာ စပါးနဲ့ပွဲလို အရေးကြီးပွဲစဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်လို့ မရဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။