အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ (၂)ဂိုးရှုံးနေရာကနေ ပြန်လာပြီး ၂-၂ သရေရလဒ် ရယူနိုင်ခဲ့ပေမယ့် ပထမပိုင်းက လုံးဝ လက်ခံနိုင်စရာမရှိတဲ့ ခြေစွမ်းအတွက် နည်းပြ မီခေးလ် အာတီတာက သူ့ရဲ့ကစားသမားတွေကို ဒေါသတကြီး ဝေဖန်ပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်းက ကိုဒီ ဂတ်ပို နဲ့ လူးဝစ် ဒီယက်ဇ်တို့ရဲ့ စက္ကန့်ပိုင်းသာခြားပြီး သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ နှစ်ဂိုး-ဂိုးမရှိ ဦးဆောင်ခဲ့ချိန်မှာ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပဉ္စမမြောက်ရှုံးပွဲဆီ ဦးတည်နေပုံရခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း စတင်ချိန်မှာပဲ ဂန်းနားတို့ဟာ ဂါဘရီရယ်လ် မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူခဲ့ပါတယ်။ အဲဒီနောက် မိနစ်(၇၀)မှာ မီခေးလ် မယ်ရီနိုက ချေပဂိုးထပ်မံသွင်းယူခဲ့ပြီး မိနစ်အနည်းငယ် အကြာမှာပဲ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
Photo Credit : Metro
တစ်ယောက်လျော့သွားပြီးနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ပွဲကို ၂-၂ သရေရလဒ်ရအောင် ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာတီတာကတော့ ပထမပိုင်းတစ်လျှောက် အမြောက်တပ်သားတွေရဲ့ ကစားပုံကို လုံးဝမကျေနပ်ခဲ့ဘဲ ပထမပိုင်း (၄၅)မိနစ်အတွင်း လီဗာပူးလ်အသင်းပြသခဲ့တဲ့ အဆင့်အတန်းကို သူ့အသင်းက မီနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။
မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အာတီတာက “ပထမပိုင်း အထူးသဖြင့် ပထမ မိနစ်(၂၀)အတွင်း ကျွန်တော်တို့ရဲ့ကစားပုံက လုံးဝအဆင့်မမီခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှ ကောင်းအောင်ပြန်လုပ်ဖို့ဆိုတာ နောက်ကျသွားပါပြီ။ ဟုတ်တယ် ကျွန်တော်တို့တုံ့ပြန်မှုပြနိုင်ခဲ့တယ် ကောင်းပါတယ်။ ဒါပေမဲ့ ပထမပိုင်း မိနစ်(၂၀)က စံချိန်စံညွှန်းတွေက လုံးဝလက်ခံနိုင်စရာမရှိခဲ့ဘူး။”
Photo Credit : Now Arsenal
“ဘာတွေက ကျွန်တော့်ကို စိတ်ပျက်စေခဲ့လဲဆိုတော့ အများကြီးပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းဆိုင်ရာ စံနှုန်းတွေ ပြီးတော့ ဘောလုံးဆုံးရှုံးသွားပြီးနောက် ကျွန်တော်တို့ aရာက်သွားတဲ့နေရာတွေ ဒီလိုအသင်းမျိုးနဲ့တွေ့ရင် လုံးဝမလုပ်သင့်တဲ့ အမှားမျိုးတွေပါ။ အဆင့်မီဖို့ အများကြီးလိုနေတယ်/ တကယ်ကို စိတ်ပျက်မိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
“ဟုတ်ပါတယ် ကျွန်တော်တို့ဘက်က တုံ့ပြန်မှုရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က တုံ့ပြန်မှု (Reaction) ဆိုတာကို မကြိုက်ဘူး တကယ်တမ်း လုပ်ဆောင်မှု (Action) ကိုပဲ သဘောကျတာ။ အထူးသဖြင့် ကျွန်တော်တို့က ဆုဖလားတွေရဖို့ ဒီနေရာမှာ ရှိနေချင်တာ။ တစ်ခါတလေ ကိုယ်နိုင်မလား ရှုံးမလားဆိုတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အခိုက်အတန့်မျိုးကို ပိုင်ဆိုင်ချင်တယ်။ အဲ့လိုအခွင့်အရေးမရခဲ့ရင်တောင် (၉)လလုံးလုံး ပြင်ဆင်လာခဲ့ရတဲ့ နောက်ထပ် အခွင့်အရေးတစ်ခုအတွက် ကစားရမှာပဲ။ ဒီနေ့ပွဲက အဲ့ဒါပါပဲ။” လို့ အာတီတာက ဆိုပါတယ်။