မန်ချက်စတာ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ပရီးမီးယားလိဂ်မှာ အသင်း ရုန်းကန်နေရချိန်အတွင်း အသင်းသားတွေရဲ့ အာရုံစူးစိုက်မှု အားနည်းမှုအပေါ် အရှက်ရမိကြောင်းဝန်ခံပြောဆိုပြီးနောက် ယူနိုက်တက်အသင်းဟာ အသင်းကြီး တစ်သင်း ဖြစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ပျောက်ဆုံးနေပြီလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး (၃)ရက်အကြာမှာပဲ ယူနိုက်တက်အသင်းဟာ အရှိတရားနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အတူတူ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းအသင်းက ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ဆူချက် ၊ ဘိုဝင်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဝက်စ်ဟမ်းအသင်း ၀-၂ နဲ့ အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ ဒီရာသီမှာ ထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ပေါင်း (၁၇)ပွဲအထိ ရှုံးနိမ့်ခဲ့ရပြီဖြစ်ပြီး အဲဒီထဲက (၉)ပွဲက အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Straits Times
သူတို့ရဲ့ နောက်ဆုံး အားနည်းလှတဲ့ ကစားပုံက အမော်ရင်ကို ဒေါသထွက်စေခဲ့ပြီး သူက “ကျွန်တော်တို့ လုပ်ဆောင်သမျှ အရာအားလုံးမှာ အာရုံစိုက်မှု အားနည်းနေတယ်” လို့ ပြောကြားခဲ့သလို အမှတ်ပေးဇယား အဆင့်(၁၆)မှာ ရပ်တည်နေတဲ့ အသင်းတစ်သင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း စိုးရိမ်စရာကောင်းနေတယ်လို့ ဆိုပါတယ်။ “ကျွန်တော့်အတွက် အကြီးမားဆုံး စိုးရိမ်မှုကတော့ ‘ဒါက အဆင်ပြေပါတယ်လေ’၊ ‘ကျွန်တော်တို့ အဆင့်ကလည်း ဒီထက်သိပ်ပြောင်းလဲစရာမရှိတော့ဘူး၊ ဒါကြောင့် ဒါကအဆင်ပြေပါတယ်’ ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေတာပါပဲ။” လို့ ယူနိုက်တက်နည်းပြက ပြောပါတယ်။
“အဲဒါက ဒီအချိန်မှာ ကျွန်တော်တို့အသင်းရဲ့ အကြီးမားဆုံး ပြဿနာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတဲ့ ခံစားမှုမျိုး အိမ်ကွင်းမှာ တစ်ပွဲရှုံးတာနဲ့ ကမ္ဘာပျက်သလို ခံစားရတဲ့စိတ်မျိုး ပျောက်ဆုံးနေလို့ပါပဲ။ ကျွန်တော်ထင်တယ် ဒါက ကျွန်တော်တို့အသင်းရဲ့ အကြီးမားဆုံး စိုးရိမ်မှုပါပဲ။” အမော်ရင်က ဒါဟာ “အသင်းကြီးတစ်သင်းမှာ ရှိနိုင်တဲ့ အန္တရာယ်အရှိဆုံး ခံစားချက်” ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးနောက်ပိုင်း လိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေတဲ့ အသင်းအတွက် ဒီလိုခံစားချက်မျိုးဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်။
Photo Credit : Sky Sports
ပွဲစဉ်(၂)ပွဲသာကစားဖို့ ကျန်တော့ချိန်မှာ အသင်းက အဆင့်(၁၆)မှာ ရပ်တည်နေတာကို ဘယ်လိုခံစားရလဲလို့ မေးမြန်းရာမှာ အမော်ရင်က “မန်ချက်စတာ ယူနိုက်တက်ရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုခံစားရသင့်လဲဆိုတော့ အရှက်ရမိတယ်။ ပြီးတော့ လက်ခံဖို့ ခက်ခဲပါတယ်။ ဒီမှာ လူတိုင်း အများကြီး စဉ်းစားစရာတွေ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ လူတိုင်းက ဗိုလ်လုပွဲအကြောင်းပဲ စဉ်းစားနေကြတယ်။ ဗိုလ်လုပွဲက ဒီအချိန်မှာ ကျွန်တော်တို့အသင်းအတွက် အဓိကပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ စဉ်းစားစရာ ပိုကြီးမားတဲ့ ကိစ္စတွေရှိနေပြီး ရာသီကုန်မှာ အများကြီး ပြောင်းလဲပစ်ရမှာပါ” လို့ သူက ဆက်ပြောပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။
အဲဒီနောက် အမော်ရင်က ယူနိုက်တက်အသင်း နွေရာသီမှာ အများကြီး ပြောင်းလဲဖို့ လိုအပ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပြီး ဒါက နောက်ဆုံးမှာ နည်းပြနေရာ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ဝန်ခံခဲ့ပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲဖို့ ရုန်းကန်နေရချိန်မှာ ဒါကို ဘယ်လိုပြောင်းလဲမလဲလို့ မေးမြန်းရာမှာ သူက “ကျွန်တော်မသိဘူး။ ကစားသမားတွေအကြောင်းလည်း ကျွန်တော်မပြောချင်ဘူး။ ကျွန်တော်ပြောနေတာက ကျွန်တော့်အကြောင်း အသင်းရဲ့ ယဉ်ကျေးမှုအကြောင်းနဲ့ အသင်းတွင်းက ယဉ်ကျေးမှုအကြောင်းပါ။ ကျွန်တော့်မှာ အဲဒီခံစားချက်မျိုးရှိနေတယ်၊ ကျွန်တော်တို့ ဒါကို ပြောင်းလဲရမယ်၊ နွေရာသီမှာ တကယ်ကို ခိုင်မာပြီး သတ္တိရှိရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နောက်ရာသီမှာ ဒီလိုအခြေအနေမျိုး ထပ်မဖြစ်စေရဘူး။ တကယ်လို့ ကျွန်တော်တို့ ဒီလိုပုံစံနဲ့ ရာသီစခဲ့ရင် ဒါမှမဟုတ် ဒီလိုခံစားချက်မျိုး ဆက်ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့နေရာကို တခြားလူတွေကို ပေးလိုက်သင့်တယ်” လို့ ပြောခဲ့ပါတယ်။