အာဆင်နယ်အသင်း ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးထွက်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ကွင်းလယ်လူ မာတင် အိုဒီဂတ်ရဲ့ ခေါင်းဆောင် အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်း ကစားသမားဟောင်းတစ်ဦးက မေးခွန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ပါရီမှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရသလို သူတို့ရဲ့ ဒီရာသီအတွက် တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်တွေဟာလည်း အဆုံးသတ်သွားခဲ့ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။

Photo Credit : BBC

အာဆင်နယ်အသင်းအနေနဲ့ ဘောလုံးရာသီတိုင်းမှာ ဘာကြောင့် ရည်မှန်းချက်တွေနဲ့ လွဲချော်ခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေကြားမှာ သီအိုရီအမျိုးမျိုး ထွက်ပေါ်နေသလို အများစုကတော့ ဒဏ်ရာပြဿနာတွေနဲ့ အထောင်တိုက်စစ်မှူးစစ်စစ် မရှိတာတွေက အသင်းရဲ့ ရုန်းကန်မှုတွေအတွက် အဓိကအကြောင်းရင်းတွေ ဖြစ်ပုံရတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ဒါပေမဲ့ အိုဒီဂတ်ကို မေးခွန်းထုတ်သူကတော့ နည်းပါတယ်။ နော်ဝေကစားသမားဟာ အသင်းရဲ့ အဓိကဖန်တီးရှင်အဖြစ် ဆက်ရှိနေပေမယ့် ဒီရာသီအစောပိုင်းက ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက်ပိုင်း ခြေစွမ်းပိုင်းမှာ ရုန်းကန်နေရပါတယ်။ အာဆင်နယ်နောက်ခံလူဟောင်း ဘာကာရီ ဆာဂ်ညာကတော့ အိုဒီဂတ်ဟာ မကြာသေးခင်က အသင်းခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်ဘူးလို့ ဆိုလိုက်ပါတယ်။ ဒါပေမဲ့ သူက အိုဒီဂတ်ဆီက အသင်းခေါင်းဆောင်လက်ပတ်ကို ပြန်ရုပ်သိမ်းစေချင်တာမျိုးတော့ မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။

Photo Credit : Evening Standard

ဆာဂ်ညာက Mirror သတင်းဌာနကနေတစ်ဆင့် “ဒါက ပြောရခက်တဲ့ အခြေအနေပါ။ ဘာလို့လဲဆိုတော့ မာတင် အိုဒီဂတ်က ဒီရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့ဘူး။ တခါတလေတော့ ဒီ့ထက်ပိုတဲ့ အကြောင်းရင်းတွေ ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ကစားသမားတစ်ဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ကလပ်အသင်းအပေါ် သူ့ရဲ့ဩဇာလွှမ်းမိုးမှုကတော့ လျော့ကျသွားပါလိမ့်မယ်။ ကျွန်တော်ကတော့ ပြဿနာက အသင်းခေါင်းဆောင် ရာထူးကြောင့်လို့ မထင်ပါဘူး။”

“အသင်းခေါင်းဆောင်ဆိုတာ အရည်အသွေးကောင်းတွေနဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူကို ပေးအပ်တာပါ။ ဒါပေမဲ့ ပွဲတွေရဲ့အခြေအနေအရတော့ သူက လုံလောက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်ခဲ့ဘူးလို့ ကျွန်တော်ထင်တယ်။ အရင်ကလောက် သူက အကျိုးသက်ရောက်မှု မရှိတော့ဘူး။ တကယ်လို့ နံပါတ် ၉ တိုက်စစ်မှူးမပါဘဲ ကစားရမယ်ဆိုရင် ပိုပြီးတော့တောင် ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အသင်းခေါင်းဆောင်က ကစားကွက်ကို စီစဉ်ရတာဖြစ်ပြီး သူ့အနေနဲ့ တစ်ယောက်တည်း ရပ်နေရတာမျိုး ဖြစ်နေတတ်တယ်။ သူ့ရှေ့မှာ ကူညီပံ့ပိုးပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့ သူ့ဆီက ကပ္ပတိန်လက်ပတ်ကိုတော့ ကျွန်တော်ပြန်မရုပ်သိမ်းစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ထိပ်တန်းကစားသမားတစ်ယောက်အဖြစ် ရှိနေသေးလို့ပါပဲ။” လို့ သုံးသပ်သွားခဲ့ပါတယ်။