အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးက ပီအက်စ်ဂျီအသင်းနဲ့ ကစားရမယ့် အရေးကြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် မတိုင်မီတွင် ဂန်းနားတို့မှာ စိတ်ပိုင်းဆိုင်ရာ အားသာချက် ရှိနေတယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က အိမ်ကွင်း အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာတော့ ပီအက်စ်ဂျီကို ဒမ်ဘီလီရဲ့ သွင်းဂိုးနဲ့ပဲ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကျော့အတွက် ပီအက်စ်ဂျီက အိမ်ကွင်းအားသာချက် ရှိနေပေမယ့်လည်း အာဆင်နယ် နည်းပြဟောင်း ဝင်းဂါးက မီခေးလ် အာတီတာရဲ့ အသင်းဟာ အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ ရိုးရှင်းသော ပန်းတိုင်တစ်ခုတည်းသာ ရှိနေခြင်းက စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကို လျော့ကျစေတယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : Sky Sports

ပီအက်စ်ဂျီအသင်းကတော့ ပွဲကို ဘယ်လိုပုံစံနဲ့ ချဉ်းကပ်ရမလဲ ဆိုတာကို ဆုံးဖြတ်ရခြင်းက ပိုမိုပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်နေတယ်လို့ ဝင်းဂါးက သုံးသပ်လိုက်ပါတယ်။ ဝင်းဂါးက beIN SPORTS ရုပ်သံမှာ “ချန်ပီယံလိဂ်မှာ အဝေးကွင်း အိမ်ကွင်း နှစ်ကျော့ ကစားတဲ့အခါ စိတ်ဝင်စားစရာကောင်းတာက ဒုတိယအကျော့ပွဲ မစတင်ခင်တိုင်းမှာ ဖြေရှင်းရမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု အမြဲရှိနေတာပဲ။ အာဆင်နယ်အတွက် အားသာချက်က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာက လွယ်ကူရှင်းလင်းနေတယ်။”

“သူတို့က သွားကစားပြီး အနိုင်ရအောင် ကြိုးစားရုံပဲ။ ပီအက်စ်ဂျီအတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာကတော့ ‘ဒီပွဲကို အနိုင်ရအောင် ကစားမလား ဒါမှမဟုတ် ကိုယ့်ရဲ့ ပထမအကျော့ အသာရမှုကို ကာကွယ်ပြီး တန်ပြန်တိုက်စစ်ပုံစံနဲ့ ကစားစေမလား’ ဆိုတာပဲ။ အသင်းကို ပေးမယ့် နည်းဗျူဟာဆိုင်ရာ သတင်းစကားက အရမ်းကို ရှင်းလင်းပြတ်သားဖို့ လိုအပ်တယ်ဆိုတာကိုလည်း သိထားရမယ်။”

Photo Credit : Sky Sports

“ဒါ့အပြင် အသင်းသားတိုင်းက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တစ်သဘောတည်း ရှိချင်မှ ရှိလိမ့်မယ် ဆိုတာကိုလည်း သိထားရမယ်။ ဘာလို့လဲဆိုတော့ သူတို့က အသာရမှုကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ရင် အဲ့ဒါက အသင်းရဲ့ မူလကစားဟန် DNA နဲ့ နည်းနည်း ဆန့်ကျင်နေလို့ပဲ။ ဒါကြောင့် ပီအက်စ်ဂျီနည်းပြ လူးဝစ် အန်နရီကေးက သူတို့ နောက်ထပ် အနိုင်ရဖို့ ပွဲတစ်ပွဲ ရှိသေးတယ်လို့ အင်တာဗျူးတွေမှာ ထုတ်ပြောထားပြီးသား။ ကျွန်တော် ယုံကြည်တာကတော့ ဗိုလ်လုပွဲကို စိတ်ထဲမှာ မျှော်မှန်းထားပြီး အိမ်ကွင်းမှာ ကစားရတဲ့အခါမှာ ခံစစ်ဆန်ဆန် သဘောထားမျိုးနဲ့ ပွဲကို ချဉ်းကပ်ဖို့က အရမ်းခက်ခဲပါလိမ့်မယ်။” လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ရော ပီအက်စ်ဂျီပါ ချန်ပီယံလိဂ်ဖလားကို အခုအချိန်အထိ တစ်ခါမှ ဆွတ်ခူးနိုင်ခြင်း မရှိသေးတာကြောင့် ဒီဆီမီးဖိုင်နယ်ပွဲဟာ နှစ်သင်းလုံးအတွက် အလွန်အရေးပါနေပါတယ်။ အာဆင်နယ်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ချန်ပီယံဟောင်း ရီးယဲလ် မက်ဒရစ်ကို အဝေးကွင်းမှာပဲ အနိုင်ယူခဲ့သောကြောင့် ပဲရစ်မြေမှာပါ ထပ်မံ လုပ်ပြနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။