ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ကိုးလ် ပါးလ်မာက လီဗာပူးလ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပေါက် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် သူ့ရဲ့ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ ကာလရှည်ကြီးက သူ့ကို ဂိုးပြန်သွင်းယူနိုင်ဖို့အတွက် ပိုပြီး တိုက်ခိုက်လိုစိတ်နဲ့ စိတ်ပိုင်းဖြတ်မှုတွေ ပေးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အင်္ဂလန် လက်ရွေးစင် ကစားသမား ပါးလ်မာဟာ ဒီပွဲမှာ ပင်နယ်တီကနေတစ်ဆင့် အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေလည်း ပိုမို အားကောင်းလာခဲ့ပါတယ်။

Photo Credit : Optus Sports

ဒီပွဲဟာ ပါးလ်မာအတွက် ပွဲစဉ်အကောင်းဆုံး ကစားသမား (Player of the Match) ဆုကို ရရှိခဲ့တဲ့ ခြေစွမ်းပြ ကစားပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ဒီပွဲမှာ ချယ်လ်ဆီး ကစားသမားတွေထဲမှာ ဂိုးကန်သွင်းမှု အများဆုံး (၅ ကြိမ်)၊ ဂိုးဖန်တီးမှု အများဆုံး (၄ ကြိမ်)၊ ပြိုင်ဘက် တိုက်စစ်ဇုန်ထဲ ဘောလုံးပေးပို့မှု အများဆုံး (၁၃ ကြိမ် – အသင်းဖော်တစ်ဦးနဲ့ ပူးတွဲ) နဲ့ ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဘောလုံးထိချက် အများဆုံး (၈ ကြိမ် – အသင်းဖော်တစ်ဦးနဲ့ ပူးတွဲ) စတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းပြမှုကို ပင်နယ်တီကနေ ဂိုးသွင်းယူပြီး အဆုံးသတ်ခဲ့တာဖြစ်ပြီး ဒီဂိုးဟာ (၃)လကျော် (ဘောလုံးကစားချိန် မိနစ် ၁,၁၆၂ မိနစ်) ကြာမြင့်ပြီးနောက် သူ ပြန်လည် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး လိဂ်ဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ဒီဂိုးကြောင့် ပါးလ်မာရဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်ဟာ (၃၇)ဂိုးအထိ ရောက်ရှိလာပြီး ကလပ်ရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အဆင့်(၁၀)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

“ကျွန်တော် သာမန်အတိုင်းပဲ ခံစားရပါတယ်။ သိတဲ့အတိုင်းပဲလေ (ဂိုးပေါက်ပျောက်တာက ဖြစ်တတ်ပါတယ်။ ကျွန်တော် (၃)လလောက် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲ့ဒီအခြေအနေက ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ ပိုပြီး ကြိုးစားအားထုတ်ဖို့ တိုက်ခိုက်လိုစိတ်နဲ့ စိတ်ဓာတ်ခွန်အားကို ပိုပြီး ရရှိစေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော် ယုံကြည်မှု ရှိခဲ့တယ်။ အသစ်အဆန်းတွေ ကြိုးစားလုပ်ကြည့်ခဲ့တယ်။ တစ်ချက်ထိ ဘောလုံးပေးတာတွေ ရှေ့ကို ဘောလုံးပေးပို့တာတွေ လုပ်ခဲ့တယ်။”

“အခွင့်အရေးတွေ ရနေရဲ့သားနဲ့ ဂိုးမသွင်းနိုင်တဲ့အခါ ကိုယ့်အသင်းကို အားနည်းစေသလိုမျိုး ခံစားရတယ်။ ကျွန်တော်က ပုံမှန်အားဖြင့်လည်း စိတ်ပိုင်းဆိုင်ရာအရ သန်မာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားရပါတယ်။ အသင်းကို ကူညီပေးရတာကို ဂုဏ်ယူတယ်။ အဲ့လို မကူညီနိုင်ခဲ့ရင် ကျွန်တော် မပျော်ဘူး။ ဒီနေ့ ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ပါတယ်။ ဒါပေမဲ့ ဒါက တစ်ဂိုးတည်းပါ။ ကျွန်တော် ဆက်ပြီး တိုးတက်အောင် ကြိုးစားရမယ်၊ အဆင့်အတန်းသစ်တွေကို ရောက်ရှိအောင် ကြိုးစားရပါမယ်” လို့ ပါးလ်မာက သူ့ရဲ့စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့ပါတယ်။ လို့ ပါးလ်မာက Sky Sports ကို ပြောကြားခဲ့ပါတယ်။