လီဗာပူးလ်အသင်းရဲ့ နည်းပြ အာနေး ဆလော့က အသင်းနဲ့အတူ ပထမဆုံး ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ သမိုင်းဝင် အောင်မြင်မှုမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုက်ပါတယ်။

ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ ဆလော့ရဲ့ ဦးဆောင်မှုနဲ့ လီဗာပူးလ်အသင်းဟာ အင်္ဂလန် အမှတ်ပေးချန်ပီယံဆုကို စံချိန်မီ အကြိမ်(၂၀)မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆလော့ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အင်္ဂလန်ကို ရောက်လာတဲ့ ပထမဆုံးရာသီမှာပဲ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ (၆) ယောက်မြောက် မန်နေဂျာအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit : Yardbarker

တနင်္ဂနွေနေ့က အန်ဖီးလ်ကွင်းမှာ တော့တင်ဟမ် ဟော့စပါးကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ အသက်(၄၆)နှစ်အရွယ် ဆလော့ဟာ အသင်းပရိသတ်တွေ ကစားသမားတွေနဲ့အတူ အင်္ဂလန်မြေမှာ ပထမဆုံး ဆုဖလား အောင်မြင်မှုကို အလွန် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ပါတယ်။ သူက လီဗာပူးလ်လို အသင်းကြီးရဲ့ သမိုင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

ပွဲအပြီး BBC Radio 5 Live နဲ့ ပြောကြားရာမှာ ဆလော့က “ပြန်ကြည့်လိုက်ရင် ဒီနေ့ တစ်နေ့လုံးက တကယ် ပျော်စရာ ကောင်းခဲ့ပါတယ်။ ကစားသမားတွေရဲ့ မျက်လုံးတွေကို ကြည့်လိုက်ရင် ဒီအောင်မြင်မှုက သူတို့အတွက် ဘယ်လောက် အဓိပ္ပာယ် ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒီနေ့ အမှတ်မရဖို့ ဒါမှမဟုတ် မနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး။ တခြား ဘာပြောစရာ ရှိသေးလဲ။ တကယ် မယုံနိုင်စရာပါပဲ။ အခု ဒီအချိန်ကစပြီး ကျွန်တော်ဟာ ဒီ လီဗာပူးလ်လို ကလပ်အသင်းကြီးရဲ့ သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပါပြီ။” လို့ သူ့ရဲ့ ပျော်ရွှင်မှုကို ဖော်ပြခဲ့ပါတယ်။

Photo Credit : Goal

ဒါ့အပြင် ဆလော့က နည်းပြဟောင်းကြီး ကလော့ပ်ရဲ့ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ မိုက်ခ်ကနေ “Jurgen Klopp, la la la” လို့ သီဆိုခဲ့ပါတယ်။ Opus အဖွဲ့ရဲ့ “Life is Life” သီချင်းရဲ့ တေးသွားကိုယူထားတဲ့ ဒီသီချင်းကို အန်ဖီးလ်ကွင်းရဲ့ လေးဘက်လေးတန်မှာရှိတဲ့ ပရိသတ်အားလုံးက ချက်ချင်းသီဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။

ယာဂန် ကလော့ပ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက လီဗာပူးလ်နည်းပြရာထူးကနေ အနားယူခဲ့ပြီး သူအနားမယူခင် ပြီးခဲ့တဲ့နှစ် မေလက ဝုလ်ဗ်အသင်းနဲ့ နောက်ဆုံးပွဲအပြီးမှာ သူ့နေရာကို အစားထိုး ဝင်ရောက်လာမယ့်အာနေး ဆလော့ကို ပရိသတ်တွေက ကောင်းမွန်စွာ ကြိုဆိုပေးဖို့ ပရိသတ်တွေနဲ့အတူ ဆလော့ရဲ့နာမည်ကို ထည့်သွင်းပြီး သီချင်းဆိုကာ တောင်းဆိုခဲ့ဖူးပါတယ်။