ဟောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ရိုင်ယန် ရေးနိုးလ် နဲ့ ရော့ဘ် မက်ကယ်ဟင်နီတို့ ပိုင်ဆိုင်တဲ့ ဝေးလ်စ်ကလပ် ရက်ဇ်ဟမ်းအသင်းဟာ အင်္ဂလန်ရဲ့ ဒုတိယတန်းဖြစ်တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဆီကို တန်းတက်သွားခဲ့ပြီးနောက်မှာတော့ နောက်တစ်ဆင့်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်ရေးအတွက် ဘယ်အချိန်မှာ စတင်ပြင်ဆင်မှုတွေ လုပ်မလဲဆိုတာကို ဟာသနှော ပြောကြားလိုက်ပါတယ်။
ရက်ဇ်ဟမ်းအသင်းဟာ စနေနေ့ နေ့လယ်က ချာလ်တန်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ချန်ပီယံရှစ်ကို တိုက်ရိုက်တန်းတက်ခွင့် သေချာသွားခဲ့တာကြောင့် (၃)ရာသီဆက်တိုက် တန်းတက်ခွင့်ရတဲ့ သမိုင်းဝင်အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ မက်ကယ်ဟင်နီ နဲ့ ရေးနိုးလ်တို့ အသင်းကို မဝယ်ယူခင်က ရက်ဇ်ဟမ်းဟာ အင်္ဂလန် ပဉ္စမတန်းလိဂ်ဖြစ်တဲ့ National League မှာ (၁၅)နှစ်နီးပါးကြာ ကျင်လည်ခဲ့ရတာကြောင့် သူတို့လက်ထက်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလို ထင်မှတ်ခဲ့ကြပါတယ်။
Photo Credit : The Independent
ဒါပေမယ့် အခုအခါမှာတော့ ဟောလိဝုဒ်ကြယ်ပွင့် ပိုင်ရှင်နှစ်ဦးက ချန်ပီယံရှစ် တန်းတက်အောင်မြင်မှုကို အောင်ပွဲခံဖို့ ရည်ရွယ်ထားပေမယ့် အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်ကြီးဖြစ်တဲ့ ပရီးမီးယားလိဂ်ဆီကို ရောက်ရှိဖို့အတွက် ပြင်ဆင်မှုတွေကို တတ်နိုင်သမျှ အမြန်ဆုံး စတင်ချင်နေကြကြောင်း ဟာသလုပ် ပြောဆိုခဲ့ကြပါတယ်။
Sky Sports သတင်းဌာနနဲ့ အင်တာဗျူးမှာ မက်ကယ်ဟင်နီက ပထမဆုံး ပြောကြားခဲ့တာက “ပရီးမီးယားလိဂ်နဲ့ တစ်ရာသီပဲ ကွာတော့တယ် ဟုတ်လား? အင်း အဲ့ဒါကတော့ မနက်ဖြန်မှ စဉ်းစားရမယ့် ကိစ္စပါ။ ဒီနေ့ကတော့ လိဂ်ချန်ပီယံရှစ် တန်းတက်အောင်မြင်မှုကို ပျော်ရွှင်စွာ အောင်ပွဲခံရမယ့်နေ့ပါ” လို့ ဆိုပါတယ်။ အဲ့ဒီအခါ ရေးနိုးလ်က ကြားဖြတ်ပြီး “ကျွန်တော်တို့ မနက်ဖြန်အထိ စောင့်ရမှာလား?” လို့ နောက်ပြောင် မေးမြန်းခဲ့ပါတယ်။
Photo Credit : Essentially Sports
ဒါကို It’s Always Sunny in Philadelphia ရုပ်သံစီးရီးရဲ့ ကြယ်ပွင့် မက်ကယ်ဟင်နီက “ဟုတ်တယ်လေ။ ဒါမှမဟုတ် ကျွန်တော်တို့ မနက်ဖြန် မနက် ၀၀:၀၁ နာရီ (ည ၁၂ နာရီ ၁ မိနစ်) လောက်အထိ စောင့်ပြီးရင်တော့ ပရီးမီးယားလိဂ်ဆီ တန်းတက်ရေး ကိစ္စကို စပြီး ပြောလို့ရလောက်ပါတယ်။” လို့ ပြန်လည် အရွှန်းဖောက်ခဲ့ပါတယ်။ ရေးနိုးလ်ကလည်း ဆက်ပြီး “ဒါဆို ကျွန်တော် ပွဲချိန်ဝက်တုန်းက ပရီးမီးယားလိဂ် တက်ဖို့ ချရေးထားတဲ့ အစီအစဉ် ဝှိုက်ဘုတ်ကို ဖျက်လိုက်တော့မယ်” လို့ ပြောကြားခဲ့ပါတယ်။
လိဂ်ဝမ်း ချန်ပီယံဆုကို ဘာမင်ဂမ် စီးတီးအသင်းက ရရှိထားပြီးဖြစ်ကာ ရက်ဇ်ဟမ်းကလည်း ဒုတိယနေရာမှာ သေချာနေပြီဖြစ်တာကြောင့် Red Dragonsလို့ အမည်ပြောင်ရထားတဲ့ ရက်ဇ်ဟမ်းအသင်းအတွက် ဒီရာသီမှာ အရေးကြီးတဲ့ လုပ်စရာ အများကြီး မကျန်တော့ဘဲ တခြား ကလပ်အသင်းတွေနည်းတူ လာမယ့် ချန်ပီယံရှစ်ရာသီအတွက် ပြင်ဆင်မှုတွေကို စောစောစီးစီး စတင်နိုင်တော့မှာ ဖြစ်ပါတယ်။