မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား မာသီးယပ်စ် နူးနက်စ်က ဒီရာသီမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ဆိုတာဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိတာနဲ့ အတူတူပင်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက်(၂၆)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကစားသမား နူးနက်စ်ဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ အက်စတွန် ဗီလာနဲ့ပွဲမှာ ပွဲပြီးခါနီး အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး မန်စီးတီးအသင်းကို (2-1)နဲ့ အနိုင်ရစေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၃) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့်(၆)က ချယ်လ်ဆီးအသင်းထက် တစ်ပွဲပိုကစားကာ (၄)မှတ်အသာ ရရှိထားပါတယ်။

Photo Credit : Manchester City FC

မန်စီးတီးအသင်းရဲ့ ဒီရာသီဟာ ဘယ်သူမှ မျှော်လင့်ထားသလို မဖြစ်လာခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မယှဉ်ပြိုင်နိုင်တော့တဲ့ အခြေအနေမှာ ဥရောပရဲ့ အကြီးဆုံးပြိုင်ပွဲ ချန်ပီယံလိဂ်မှာသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိဖို့က အကြီးအကျယ် အရေးပါကြောင်း နူးနက်စ်က အခုလို ပြောကြားခဲ့ပါတယ်။

“အခုအချိန်မှာတော့ ကျွန်တော်တို့အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ဆိုတာဟာ ပရီးမီးယားလိဂ်ဖလား ရတာနဲ့ အတူတူပါပဲ” လို့ နူးနက်စ်က ပြောပါတယ်။ “ဒါဟာ ကလပ်အတွက် ကစားသမားတွေအတွက်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အကြီးအကျယ် အရေးကြီးပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ဆိုတာ ဘယ်လောက်တောင် အံ့မခန်းဖြစ်မလဲဆိုတာကို ကျွန်တော်တို့ မပြောပြတတ်အောင်ပါပဲ။ ဘာလို့လဲဆိုတော့ အခု ပရီးမီးယားလိဂ်ဖလားအတွက် မယှဉ်ပြိုင်နိုင်တော့တဲ့အတွက် အဲဒါက ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင် ဖြစ်လာပါပြီ” လို့ နူးနက်စ်က ပြောကြားခဲ့ပါတယ်။

Photo Credit : Sunday World

ဒီရာသီအဆုံးသတ်ဟာ အကောင်းဘက်ကို ဦးတည်လာနိုင်ပေမယ့် နူးနက်စ်ကတော့ ပရီးမီးယားလိဂ် ထိပ်ဆုံး(၅)သင်းထဲ ရပ်တည်နိုင်ခြင်းနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ရောက်ခြင်းတို့ဟာ သူတို့အသင်းရဲ့ စံနှုန်းတွေအရ အောင်မြင်မှု မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ “ဆိုလိုတာကတော့ ဒါဟာ အောင်မြင်မှု မဟုတ်ပါဘူး။ ကလပ်ရဲ့ စံနှုန်းတွေက ဒီထက် အများကြီး မြင့်မားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအဆင့်တွေက ကျွန်တော်တို့လိုချင်တဲ့ စံနှုန်းတွေ မဟုတ်ပေမယ့် ဒါက ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေမှန်ပါပဲ။ ဒါကို လက်ခံရပါမယ်။ ပြီးတော့ ပရီးမီးယားလိဂ်ဖလား ရယူမယ့်စိတ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူရပါမယ်” လို့ သူက ဆိုပါတယ်။

“ဒါက ခရီးတစ်ခုပါ။ ကြိုးတန်းလျှောက်ရတာနဲ့တူပြီး အဆင်သင့် ဖြစ်နေရပါမယ်။ ကျွန်တော့်အသင်းဖော်တွေကလည်း အဆင်သင့် ဖြစ်နေကြပါတယ်။ ရာသီအစက ပန်းတိုင်နဲ့ အခုပန်းတိုင်က မတူတော့ပါဘူး။ သူတို့ဟာ ကျွန်တော်ထက်ပိုပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာကို သိကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အခု ပန်းတိုင် ဖြစ်ရပါမယ်။ ကျွန်တော်တို့ ဒါကို ရအောင် လုပ်သွားမှာပါ” လို့ နူးနက်စ်က ပြောဆိုခဲ့ပါတယ်။