မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အရေးပါနေတဲ့ အက်စတွန် ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ သူတို့အတွက်တော့ ဖိုင်နယ်ပွဲ တစ်ပွဲလို အရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။
မယုံနိုင်စရာကောင်းလောက်အောင် ပြည်တွင်း အမှတ်ပေးဖလားတွေကို (၄)ရာသီဆက်တိုက် ရယူပြီးနောက်မှာတော့ ဒီရာသီမှာ မန်စီးတီးရဲ့ အဓိက ရည်မှန်းချက်က ဥရောပရဲ့ ထိပ်တန်းကလပ်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ကို ပြန်လည် ခြေချခွင့်ရဖို့ ဖြစ်လာပါတယ်။ လက်ရှိမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲ ကစားဖို့ကျန်ရှိနေချိန် အဆင့်(၄) နေရာမှာ ရပ်တည်နေပါတယ်။
Photo Credit : The Independent
ဒီကနေ့ အင်္ဂါနေ့မှာ ရင်ဆိုင်ရမယ့် ဗီလာအသင်းကတော့ အဆင့်(၇) နေရာမှာ ရှိနေပေမယ့် မန်စီးတီးနဲ့ တစ်မှတ်သာ ကွာဟပြီး အခြားအသင်းတွေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေရပါတယ်။ စီးတီးနည်းပြ ဂွါဒီယိုလာက အီတီဟတ်ကွင်းမှာ ကစားရမယ့်ပွဲရဲ့ ခက်ခဲမှုကို အသိအမှတ်ပြုခဲ့ပြီး ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဒုတိယအကျော့မှာ ရှုံးနိမ့်ခဲ့ပေမယ့် ဗီလာအသင်းရဲ့ ကစားပုံကို ချီးကျူးခဲ့ပါတယ်။
“သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တစ်သင်းပါပဲ။ ကျွန်တော့်မိတ်ဆွေ လူးဝစ် အင်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ပွဲကို ကြည့်လိုက်ပါဦး။ ဝိုး ကျွန်တော် တကယ်ကို အထင်ကြီးသွားတယ်။ သူတို့က ခံစစ်ပိတ်ကစားနိုင်သလို အဝေးကွင်းမှာလည်း ကောင်းကောင်းကစားနိုင်တယ်။ ဒါပေမဲ့ သူတို့ တိုက်စစ်ဆင်ဖို့ ဆုံးဖြတ်လိုက်ရင် သူတို့မှာရှိတဲ့ လက်နက်တွေ အရှိန်အဟုန် ကန်တင်ဘောတွေနဲ့ဆိုရင် မယုံနိုင်လောက်အောင် စနစ်တကျရှိတဲ့ အသင်းပါ။”
Photo Credit : Birmingham Live
“ဒါက ဖိုင်နယ်ပွဲတစ်ပွဲပဲ။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အားပေးမှုသာ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ပရိသတ်တွေက လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ပြန်ကစားချင်ကြတယ်။ ဒါကြောင့် ပွဲအစ ပထမမိနစ်ကတည်းက သူတို့ ကျွန်တော်တို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
“တစ်ခါတစ်လေ ကျွန်တော်တို့ ပေါ့လျော့တယ်။ တစ်ခါတစ်လေ ခြေစွမ်းမပြနိုင်ဘူး။ အခုချိန်မှာတော့ သူတို့ကို အပြင်းအထန် လိုအပ်နေပြီ။ ကျွန်တော်တို့ကို အားပေးဖို့ ဆူညံသံတွေပေးဖို့ အမြဲတမ်း အနားမှာ ရှိနေပေးဖို့ပေါ့။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့အတွက် လုံးဝကို ဖိုင်နယ်ပွဲတစ်ပွဲ ဖြစ်နေလို့ပါပဲ။” လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။