မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီက လက်ရှိ ရီးရဲလ်ဘက်တစ် အသင်းမှာ အငှား ကစားနေစဉ် ခြေစွမ်း ပြန်လည် တိုးတက်လာမှုကြောင့် ယူနိုက်တက်ကနေ အပြီးသတ် ထွက်ခွာလိုကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပေမယ့် ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ကိုတော့ လေးစားစွာ ချီးကျူးစကား ဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စပိန် လာလီဂါကလပ် ဘက်တစ်ကို အငှား ပြောင်းရွှေ့ခဲ့တဲ့ အသက် (၂၅) နှစ်အရွယ် ဘရာဇီးလ်သားဟာ ခြေစွမ်း သိသိသာသာ ပြန်လည် တိုးတက်လာခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ သူ့အတွက် အိုးလ်ထရက်ဖို့ဒ်ကနေ အပြီးတိုင် ထွက်ခွာပြီး အသင်းသစ်မှာ အခြေချဖို့ လိုအပ်ကြောင်း နားလည် သဘောပေါက်စေခဲ့ပုံပါပဲ။

Photo Credit : Goal

သတင်းတွေအရ ယူနိုက်တက်ဟာ အန်တိုနီရဲ့ အငှားစာချုပ်ကို လာမယ့် နွေရာသီ အလွန်အထိ သက်တမ်းတိုးဖို့ ဘက်တစ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ ပရီးမီးယားလိဂ် ကလပ်က သူတို့ရဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ တိုက်စစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး အတန်အသင့်နဲ့သာ အပြီးသတ် ရောင်းချသွားချင်နေပါတယ်။

အန်တိုနီက ESPN ကို ပြောကြားရာမှာတော့ “ကျွန်တော် အမော်ရင်နဲ့ အလုပ်တွဲလုပ်ခဲ့ရတဲ့ အချိန်က ခဏလေးပါ။ ဒါပေမယ့် သူက အရမ်းတော်ပြီး ထက်မြက်တဲ့ နည်းပြတစ်ယောက်ပါ။ ယူနိုက်တက်အသင်းက အခက်အခဲတွေ ကြုံနေရပေမယ့် သူက နည်းပြကောင်း တစ်ယောက်ပါ။ ကျွန်တော် သူနဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် စိန်ခေါ်မှု အသစ်တစ်ခု လိုအပ်နေပါပြီ။ သူ့အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကံကောင်းမှုတွေ ရပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဆိုပါတယ်။

Photo Credit : Goal

ဘရာဇီးလ် တောင်ပံကစားသမားဟာ သူ့ရဲ့ ဘောလုံးသမားဘဝ အနာဂတ်ကို မန်ချက်စတာမြို့ အပြင်ဘက်မှာပဲ မြင်ယောင်နေပုံ ရပါတယ်။ ဒါပေမယ့် ဘက်တစ် အသင်းဟာ သူ့အတွက် အမြဲတမ်း ကစားရမယ့် ကလပ် ဖြစ်လာမလား ဆိုတာကတော့ သူတို့ အသင်း ဥရောပရဲ့ ထိပ်တန်း ကလပ်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ကို ဝင်ခွင့် ရရှိမလား ဆိုတဲ့အပေါ်မှာ အဓိက မူတည်နေပါတယ်။

လာလီဂါမှာ အဆင့် (၅) နေရာရရင်တောင် ချန်ပီယံလိဂ် ဝင်ခွင့် သေချာနေပြီ ဖြစ်တာကြောင့် အန်တိုနီရဲ့ ဘက်တစ် အသင်းဟာ ဗီလာရီးယဲလ်လို အသင်းတွေကို ကျော်ဖြတ်ပြီး အဆင့်ကောင်းကောင်း တစ်နေရာ ရပ်တည်နိုင်ဖို့ လိုအပ်နေပါတယ်။ သူ့ရဲ့ အသင်းနဲ့ အနာဂတ်က ဒီအပေါ်မှာ မူတည်နေတာကြောင့် အန်တိုနီ အနေနဲ့ အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရည်မှန်းချက် ပြည့်မြောက်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေမှာ သေချာပါတယ်။