မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ပေါင် သန်း(၁၀၀)တန်ဖိုးရှိတဲ့ ကြီးမားတဲ့ ငွေကြေးအကျိုးအမြတ် ရရှိနိုင်မယ့် လမ်းကြောင်းပေါ် ဆက်ရှိနေစေဖို့အတွက် ယာယီ တိုက်စစ်မှူးအဖြစ် ဆက်လက်ကစားပေးဖို့ ပျော်ရွှင်စွာ အဆင်သင့်ရှိနေပါတယ်။
အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားဟာ လိုင်ယွန်အသင်းကို အချိန်ပို (၁၂၁)မိနစ်မှာ သွင်းယူခဲ့တဲ့ မယုံနိုင်ဖွယ် အနိုင်ဂိုးနဲ့အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်နေရာကို သေချာစေခဲ့ပြီး ယူနိုက်တက်အသင်းအတွက် တစ်တပ်တစ်အား ကူညီပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရရှိခြင်းဟာ ယူနိုက်တက်ကို လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ငွေကြေးအကျိုးအမြတ်များတဲ့ ဝင်ခွင့်လက်မှတ်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြဟာ အသင်းမှာ တိုက်စစ်မှူး ဇာ့ခ်ဇီး ဒဏ်ရာရနေပြီး ဟွိုင်လန်းကလည်း (၂၇)ပွဲမှာ (၁)ဂိုးသာ သွင်းယူနိုင်သေးတာကြောင့် တိုက်စစ်ပိုင်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
Photo Credit : Hayters
ဒီရာသီမှာ အရေးပါတဲ့ ဂိုး(၄)ဂိုး သွင်းယူထားတဲ့ မက်ဂွိုင်းယားက “ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ လူအင်အားနည်းနေတာကို ခင်ဗျားတို့ မြင်နိုင်မှာပါ။ အလက်ဟန်ဒရို ဂါနာချို နဲ့ ရက်စ်မတ်စ်တို့ပဲ တိုက်စစ်မှာ ရှိနေပြီးတော့ သူတို့လည်း အစွမ်းကုန် ကစားခဲ့ကြပါတယ်။ ဂျိုရှုအာကိုလည်း ကျွန်တော်တို့ လက်လွှတ်လိုက်ရတယ်။ ဒါကြောင့် နည်းပြက ကျွန်တော့်ကို ရှေ့တန်းတက်ကစားဖို့ တောင်းဆိုလာရင် ကျွန်တော် အဲ့ဒီနေရာကို သွားကစားဖို့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။
သူက ဆက်ပြီး “ကျွန်တော် ကိုယ့်ကိုယ်ကို ဂိုးဧရိယာထဲမှာ အန္တရာယ်ပေးနိုင်သူလို့ မြင်ပါတယ်။ ဘောလုံးတွေ ဖြတ်တင်ဘောတွေ ဝင်လာချိန်မှာ ပြိုင်ဘက်အသင်းကို ပြဿနာတွေ ဖန်တီးနိုင်ပြီး ဂိုးသွင်းနိုင်တယ်လို့ ခံစားရပါတယ်။ ကျွန်တော် အဲ့ဒီမှာ မိနစ်(၃၀)လောက်ပဲ ကစားခဲ့ရပေမယ့် နောက်တန်းခံစစ်မှူး ကစားရတာထက်တော့ အများကြီး ပိုခက်ပါတယ်။” လို့ ဖွင့်ဟခဲ့ပါတယ်။
Photo Credit : Football365
အမော်ရင်ကတော့ မက်ဂွိုင်းယားကို ပွဲအစကတည်းက တိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ အစီအစဉ် မရှိပေမယ့် အသင်းက လိုအပ်ချိန်မှာ သူဖန်တီးနိုင်တဲ့ သက်ရောက်မှုကိုတော့ သဘောကျနေပါတယ်။ အမော်ရင်က ပေါင်သန်း(၈၀)တန် နောက်ခံလူကို လိုအပ်လာရင် အသုံးဝင်တဲ့ တိုက်စစ်လက်နက်တစ်ခု ဖြစ်တယ်ဆိုတာ လေ့ကျင့်ရေးကွင်းနဲ့ ပွဲစဉ်တွေကနေတဆင့် ကောင်းကောင်းသိမြင်ထားပါတယ်။
မက်ဂွိုင်းယားကို ရှေ့တန်းမှာ ပွဲထွက်အဖြစ် အသုံးပြုမယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ နည်းပြက “ပုံမှန်ပွဲစဉ်တစ်ခုကို ကစားဖို့အတွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အရေးပေါ် အခိုက်အတန့်တွေမှာတော့ ဒါက တကယ် အရေးပါတဲ့ အရာတစ်ခုပါ။ ကျွန်တော် ဟယ်ရီကို ကြည့်ပြီး သူ့ကို တိုက်စစ်မှူးအဖြစ် ထားလိုက်တဲ့အခါ ဂိုးဧရိယာထဲမှာ ကောင်းကောင်းကစားနိုင်တဲ့ ကစားသမားတစ်ယောက်ကိုပဲ မြင်ပါတယ်။ သူက အဲ့ဒီနေရာမှာ ဘယ်လို ပြုမူရမယ်ဆိုတာ သိတယ်” လို့ ဆိုပါတယ်။