မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က မန်စီးတီး ကွင်းလယ် ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်းကို ချီးကျူးခဲ့ပြီး ဒီဘရိုင်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပိုကောင်းလာခဲ့သလို ဒီဘရိုင်းက သူတို့ ယူနိုက်တက်အသင်း ပြည်တွင်းမှာ ရုန်းကန်ခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့လည်း ဆိုပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းနဲ့ (၁၀)နှစ်ကြာ လက်တွဲခဲ့ပြီးနောက် လက်ရှိရာသီအကုန်မှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ကိုယ်တိုင် အတည်ပြု ထုတ်ပြန်ထားပါတယ်။ ဘယ်လ်ဂျီယံသားဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ (၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်အပါအဝင် စုစုပေါင်း ဆုဖလား (၁၆)လုံး ရရှိထားပါတယ်။

Photo Credit : Sky Sports

ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် မကြာခဏ ချီးကျူးခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ရာသီအနည်းငယ်အတွင်းမှာ ဘယ်လ်ဂျီယံသားရဲ့ ခြေစွမ်းကျဆင်းလာတာနဲ့အမျှ မန်ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်က ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ပိုကောင်းလာရတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

Sky Sports နဲ့ ပြောကြားရာမှာ ဖာနန်ဒက်စ်က “ဒီဘရိုင်းက ပရီးမီးယားလိဂ်ကို ပိုကောင်းအောင် လုပ်ပေးခဲ့တယ်။ မန်စီးတီး ဒီနေရာကို ရောက်နေပြီး မန်ယူနိုက်တက်က ဒီကာလအတွင်းမှာ ဆုဖလားတွေ အများကြီး မရခဲ့ဘူးဆိုရင် အဲဒါဟာ ကယ်လ်ဗင် ဒီဘရိုင်းကြောင့်ပါပဲ။ သူဟာ ချီးကျူးမှုအားလုံးနဲ့ ထိုက်တန်ပါတယ်။”

Photo Credit : Goal

“သူက တကယ့်ကို အံ့သြစရာကောင်းလောက်အောင် လုပ်ဆောင်ခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ဆယ်နှစ်ဆိုတာ အများကြီးပဲ။ သူတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘယ်ဘက်က စခဲ့လဲတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ကယ်လ်ဗင်ဟာ ကမ္ဘာ့အဆင့် ကစားသမားအဖြစ် ဆက်လက် တည်ရှိနေပြီး သူ့ကို ဒီလောက်နီးနီးကပ်ကပ် မြင်တွေ့ရတာဟာ ပျော်ရွှင်စရာပါပဲ။ သူ့ကို ပြိုင်ဘက်အဖြစ် ကစားရတာလည်း ပျော်ရွှင်စရာပါပဲ။ သူဟာ မန်စီးတီးရဲ့ သမိုင်းမှာတင်မကဘဲ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာပါ ကျန်ရစ်ခဲ့မှာ သေချာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် ဘယ်လ်ဂျီယံသာ ဒီဘရိုင်းဟာ မန်စီးတီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပေမယ့် လတ်တလောမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ ကြေညာခြင်း မရှိသေးပါဘူး။ ဘောလုံး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒီဘရိုင်းကို မေဂျာလိဂ်နဲ့ ဆော်ဒီလိဂ် ကလပ်အသင်းတွေက အပြိုင် စိတ်ဝင်စားနေကြပါတယ်။