မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက်အသင်းကို ပိုမို တိုးတက်လာအာင် အလျင်စလို လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့ပေမယ့် အသင်းရဲ့ လက်ရှိ အခြေအနေကိုလည်း သူ နားလည်ကြောင်း ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။
တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ပရီးမီးယားလိဂ်က အကောင်းဆုံး အသင်းတွေနဲ့ ဘယ်လောက်အထိ ဝေးကွာနေတယ်ဆိုတာကို ထင်ရှားစွာ ပြသခဲ့ပါတယ်။ အမော်ရင်က ယူနိုက်တက်ဟာ မကြာခင် ထိပ်ဆုံးအဆင့်ကို ပြန်ရောက်ဖို့ လိုအပ်ကြောင်း သိရှိပေမယ့် သူဟာ အရူးမဟုတ်ဘဲ သူတို့ရဲ့ လက်ရှိအခြေအနေရဲ့ အမှန်တရားကို နားလည်ကြောင်း ပြောပါတယ်။
Photo Credit : Goal
တနင်္ဂနွေနေ့ရဲ့ သရေရလဒ်ကြောင့် ယူနိုက်တက်ဟာ ကလပ်အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးရာသီ မဖြစ်စေဖို့အတွက် ကျန်ရှိတဲ့ ပွဲစဉ်တိုင်းကို အနိုင်ရရှိဖို့ လိုအပ်နေပေမယ့် လက်ရှိ အခြေအနေအရ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)အောက်မှာသာ ရာသီအဆုံးသတ်ဖို့ အလားအလာ အလွန်များနေပါတယ်။
အမော်ရင်က ဒါဘီပွဲအပြီးမှာ Sky Sports ကို “ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်တဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ နေရာတိုင်းမှာပါ။ Build-up တွေ Transition တွေနဲ့ Final Third Zone တွေမှာ ဆုံးဖြတ်ချက် ချမှတ်ပုံတွေ အားလုံး တိုးတက်ဖို့ လိုပါတယ်။ ကစားသမားတိုင်း တိုးတက်နိုင်ပါတယ်။ သူတို့ဟာ တခြားအသင်းတွေမှာ တစ်ခုခုကို ပြသနိုင်ခဲ့လို့ ဒီကို ရောက်လာတာပါ။ သူတို့မှာ အရည်အသွေးတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ Transition နဲ့ ကစားတဲ့ အသင်းဖြစ်နေတုန်းပါပဲ။ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ပိုရဖို့ နောက်ဆုံးဇုန်မှာ အချိန်ပိုပေးဖို့ လိုပါတယ်။”
Photo Credit : Goal
“ကျွန်တော်ဟာ ရိုးအလွန်းသူ မဟုတ်သလို အရူးလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ရောက်နေတဲ့ အချိန်ကို မြင်နိုင်ပါတယ်။ ပြိုင်ဘက်တွေကို ကြည့်ပြီး ကွာဟချက်ကြီးမားကြောင်း နားလည်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီကွာဟချက်ကို ကျဉ်းမြောင်းလာဖို့ အချိန်အများကြီးယူမယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။ ကစားသမားအသစ်တွေ ထပ်ခေါ်ရင်တောင် ပိုကောင်းအောင် လုပ်ဖို့ အလျင်အမြန် လုပ်ဆောင်ရပါမယ်။ ဒီလိုအသင်းမျိုးမှာ ကျွန်တော်တို့မှာ အချိန်သိပ်မရှိပါဘူး။ ကျွန်တော်တို့ အလျင်လိုနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် လိုင်ယွန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့မယ်ဆိုရင်တော့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။