လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ အာနေး ဆလော့က ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပထမပိုင်းအတွင်း ကစားသမားတွေရဲ့ အမှားတွေကြောင့်လို့ ဝေဖန်ခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ စွမ်းဆောင်ရည်ကိုတော့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့က Craven Cottage မှာ ဖူလ်ဟမ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကာတစ်စ် ဂျုံးစ်နဲ့ အန်ဒီ ရော်ဘတ်ဆန်တို့ရဲ့ ခံစစ်ပိုင်းဆိုင်ရာ အမှားတွေဟာ လီဗာပူးလ်အတွက် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။ အလက်ဆစ် မက် အယ်လစ္စတာက လီဗာပူးလ်ကို ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပေမယ့် အိမ်ရှင် ဖူလ်ဟမ်က ပြန်လည် တိုက်စစ်ဆင်ပြီး (၁၄)မိနစ်အတွင်း (၃)ဂိုးဆက်တိုက် သွင်းယူခဲ့ပါတယ်။ လူးဝစ် ဒီးယက်ဇ်က ဒုတိယပိုင်းမှာ တစ်ဂိုးပြန်သွင်းပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်အသင်းကပဲ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Goal

ပွဲအပြီးမှာ Sky Sports နဲ့ တွေ့ဆုံရာမှာ ဆလော့က “(၁၄)မိနစ်အတွင်းမှာ (၃)ဂိုးပေးလိုက်ရတာက အတော်ခက်ခဲတဲ့ အချိန်ပါပဲ။ ဖူလ်ဟမ်ရဲ့ အရည်အသွေးနဲ့ ဂိုးသွင်းစွမ်းရည်အပြင် အဲဒီဂိုးတွေအများစုဟာ ကျွန်တော်တို့ရဲ့ အမှားတွေကြောင့်ပါ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ဒီလိုအမှားမျိုးတွေ သိပ်မလုပ်ပါဘူး။တစ်ပွဲတည်းမှာ အမှား (၃)ကြိမ်ဆိုတာ ဝေလာဝေးပေါ့။”

“ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အများကြီး တိုးတက်ခဲ့ပေမယ့် ပထမပိုင်းမှာ (၃)ဂိုးပေးထားရရင် ဒီအခြေအနေမှာ ပွဲအနိုင်ရဖို့ ခက်ခဲပါတယ်။ ကံမကောင်းစွာနဲ့ပဲ တတိယဂိုးရဖို့ အချိန်မလောက်ခဲ့ပါဘူး။ လူတွေက ဇာတ်လမ်းတွေ ဖန်တီးချင်ကြမှာပဲ ဒါက သူတို့ရဲ့ အလုပ်ပါ။ အသင်းတော်တော်များများ ဖူလ်ဟမ်ကို ကစားရတာ ခက်ခဲကြပါတယ်။ ဒုတိယပိုင်းရဲ့ ခြေစွမ်းကတော့ ထူးချွန်ပါတယ်။ ကျွန်တော်တို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် နောက်ဆုံးမှာတော့ အချိန်မလောက်ခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒတ်ချ်လူမျိုး မန်နေဂျာ ဆလော့က သူ့ကစားသမားတွေရဲ့ ခြေစွမ်းကို ခုခံကာကွယ်ပြောကြားခဲ့ပြီး “ကျွန်တော်ထင်တယ် တစ်ပွဲလုံး ခြုံကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ပွဲကို ဘယ်လိုစမယ် ဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့ နည်းဗျူဟာအတိုင်း ကျွန်တော်တို့ ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကြာသပတေးညက ခက်ခဲတဲ့ပွဲကို ကစားခဲ့ရပြီး သူတို့ထက် ၂၄ နာရီ အနားယူချိန် နည်းခဲ့ပါတယ်။”

“ခက်ခဲတဲ့ကွင်း ခက်ခဲတဲ့ပွဲပါ။ နေသာတဲ့နေ့မှာ ကွင်းက ခြောက်သွေ့နေတယ်။ သူတို့က ပွဲရဲ့အရှိန်ကို လျှော့ချဖို့ ကြိုးစားခဲ့တယ်၊ ဒါကြောင့် ကျွန်တော့်အတွက်တော့ ဒါဟာ ပြည့်စုံတဲ့ပွဲတစ်ပွဲပါပဲ။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ ပွဲအနိုင်ရဖို့ လုံလောက်တဲ့အထိ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အကြိမ်(၂၀)ကျော် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ကျွန်တော်တို့ လွဲချော်ခဲ့တာဆိုလို့ ဂိုးပဲရှိမယ်ထင်တယ်။ ဒါပေမဲ့ အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။