အင်္ဂလန် လက်ရွေးစင် နည်းပြသစ် သောမတ်စ် တူဟယ်လ်က သူရဲ့ အင်္ဂလန် နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် ကစားသမား ရွေးချယ်မှုမှာ ပြန်လည် ရွေးချယ်ခြင်းခံခဲ့ရတဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး အရင်လို ပုံစံဟောင်းတွေ ပြန်မဖြစ်ဖို့ အရေးကြီးတယ်လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ အသင်းအတွက် ဘယ်လိုမှ ကောင်းမွမ်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် နည်းပြ အမော်ရင်ရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းနဲ့ ရင်ဆိုင်ခဲ့ရသလို ဆောင်းဈေးကွက်မှာလည်း အက်စတွန် ဗီလာအသင်းဆီပါ အပြီးသတ် ခေါ်ယူခွင့်ပါ ပါဝင်တဲ့ အငှားစာချုပ်မျိုးနဲ့ အငှားချခံခဲ့ရပါသေးတယ်။

Photo Credit : Al Jazeera

အခုဆိုရင်တော့ ရပ်ရှ်ဖို့ဒ်ဟာ ဗီလာအတွက် ပြိုင်ပွဲစုံ (၉)ပွဲထိ ကစားထားပြီးချိန် ဂိုးတစ်ဂိုးမှ မသွင်းနိုင်သေးပေမယ့် အသင်းအတွက် ဂိုးဖန်တီးမှု (၄)ကြိမ်တောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ဟာ တူဟယ်လ်ရဲ့ အင်္ဂလန် ကစားသမားစာရင်းမှာလည်း ပြန်လည် ရွေးချယ်ခံလာရပြီး ဒါဟာ ရပ်ရှ်ဖို့ဒ်အတွက်တော့ တိုးတက်မှုတွေလို့ ဆိုနိုင်ပါတယ်။

ရပ်ရှ်ဖို့ဒ်ကို အင်္ဂလန် ကစားသမားစာရင်းမှာ ပြန်လည် ရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး အင်္ဂလန်နည်းပြ တူဟယ်လ်က “သူက အက်စတွန် ဗီလာမှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ များသောအားဖြင့် လူစားဝင် ကစားသမားအဖြစ် ကစားရချိန်မှာ ပိုပြီး မြင်သာပါတယ်။ သက်ရောက်မှုက အံ့သြစရာကောင်းပါတယ်။”

Photo Credit : Football365

“ကိုယ်ကာယပိုင်း သက်ရောက်မှုက အံ့သြစရာကောင်းပြီးတော့ အရေးအကြီးဆုံးက သူ့ရဲ့ အလုပ်လုပ်နှုန်း သူ့ရဲ့ ခံစစ်ပိုင်းစွမ်းရည်နဲ့ ပြန်လည်ကာကွယ်မှုက အံ့သြစရာကောင်းပါတယ်။ သူ့ကို ကစားသမားစာရင်းမှာ ရွေးသင့်တယ်။ ခေါ်ယူသင့်တယ်။ သူ့ရဲ့ လက်ရှိအဆင့်မှာ ဆက်လက် တည်ရှိဖို့ တွန်းအားပေးသင့်တယ်။ အကျင့်ဟောင်းတွေကို ပြန်မရောက်ဖို့ တွန်းအားပေးသင့်တယ်လို့ ကျွန်တော် ခိုင်မာစွာ ခံစားရပါတယ်။” လို့ ရှင်းပြသွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်နဲ့အတူ အေဂျက်စ် ကွင်းလယ်ကစားသမားကြီး ဂျော်ဒန် ဟန်ဒါဆန်ကိုလည်း အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်လည် ခေါ်ယူခဲ့ပြီး အာဆင်နယ် နောက်ခံအစွန်လူ ကစားသမားလေး မိုင်းလ်စ် လူးဝစ် စကယ်လီနဲ့ နယူးကာဆယ် နောက်ခံလူ ဒန်ဘန်းတို့အတွက် ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူမှုတွေလည်း ရှိခဲ့ပါတယ်။