မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေအတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အိုးလ်ထရက်ဖို့ဒ်ရဲ့ ဂုဏ်သရေကို ထိန်းသိမ်းရင်း ကမ္ဘာ့အဆင့်မီ အားကစားကွင်းသစ်ကြီး တည်ဆောက်ဖို့ ယူနိုက်တက်က အတည်ပြုလိုက်ပါပြီ။ ဒီကွင်းကြီးက လူဦးရေ ၁၀၀၀၀၀ ဆံ့မှာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ဒေသရဲ့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာမှာပါ။
ဒီကွင်းကြီး တည်ဆောက်ပြီးတာနဲ့ ဗြိတိန်စီးပွားရေးအတွက် တစ်နှစ်ကို ပေါင် ၇.၃ ဘီလီယံအထိ အထောက်အကူပြုနိုင်ပါမယ်။ ဒါ့အပြင် အလုပ်အကိုင်သစ် ၉၂၀၀၀ ကျော်၊ အိမ်အသစ် ၁၇၀၀၀ ကျော်နဲ့ တစ်နှစ်ကို လာရောက်လည်ပတ်သူ ၁.၈ သန်းအထိ တိုးလာနိုင်ပါတယ်။ ဒီကွင်းကြီးနဲ့ ပတ်ဝန်းကျင်ဒေသကို Foster + Partners ဗိသုကာအဖွဲ့က ဒီဇိုင်းဆွဲပေးမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီဇိုင်းပုံစံတွေကိုလည်း မကြာသေးခင်က ထုတ်ပြခဲ့ပြီးပါပြီ။ ဒီကွင်းကြီးက ပရိသတ်တွေကို ကွင်းနဲ့ ပိုနီးကပ်စေမှာဖြစ်ပြီး အသံပိုင်းဆိုင်ရာအရလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးမှာပါ။
Photo Credit : SPORTbible
ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်က “ဒီနေ့ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကွင်းကြီးကို တည်ဆောက်ဖို့ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးရဲ့ အစပါပဲ။ ကျွန်တော်တို့ရဲ့ လက်ရှိကွင်းက နှစ်ပေါင်း ၁၁၅ နှစ်ကြာအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့ပေမဲ့ အခုတော့ ကမ္ဘာ့အကောင်းဆုံးကွင်းတွေနဲ့ ယှဉ်ရင် နောက်ကျကျန်နေပါပြီ။ ကွင်းဟောင်းနဲ့ ကပ်လျက်တည်ဆောက်ခြင်းအားဖြင့် အိုးလ်ထရက်ဖို့ဒ်ရဲ့ အနှစ်သာရကို ထိန်းသိမ်းနိုင်ပြီး ပရိသတ်တွေအတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအမှုဆောင်အရာရှိချုပ် အိုမာ ဘယ်ရာဒါကလည်း “ကျွန်တော်တို့ရဲ့ ရေရှည်ရည်မှန်းချက်က ကမ္ဘာ့အကောင်းဆုံးကွင်းမှာ ကစားတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းကို ပိုင်ဆိုင်ဖို့ပါ။ ပရိသတ်တွေနဲ့ ဒေသခံတွေရဲ့ အမြင်တွေကို ဂရုတစိုက် ထည့်သွင်းစဉ်းစားပြီး အားကစားကွင်းသစ်က မန်ယူနဲ့ ရပ်ရွာအတွက် အကောင်းဆုံးဆိုတာကို ကောက်ချက်ချခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Evening Standand
မန်ယူရဲ့ ဂန္တဝင်နည်းပြ ဆာအဲလက်စ် ဖာဂူဆန်ကလည်း “မန်ယူက ကွင်းအတွင်းရော ကွင်းပြင်မှာပါ အကောင်းဆုံးကို အမြဲကြိုးစားသင့်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ကျွန်တော့်အတွက် အမှတ်တရတွေ အများကြီးရှိပေမဲ့ အနာဂတ်အတွက် သင့်တော်တဲ့ အိမ်သစ်ကို တည်ဆောက်ဖို့ ကျွန်တော်တို့ ရဲရင့်ရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။
Foster + Partners တည်ထောင်သူ လော့ဒ် နော်မန် ဖော်စတာက “ဒီစီမံကိန်းက ကမ္ဘာပေါ်မှာ အစိတ်လှုပ်ရှားဆုံး စီမံကိန်းတွေထဲက တစ်ခုပါ။ ပရိသတ်တွေအတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းဖို့ အဓိကထားပါတယ်။ ကွင်းကြီးရဲ့ အပြင်ဘက်မှာလည်း ထရာဖယ်လ်ဂါ စကွဲယားထက် နှစ်ဆကြီးတဲ့ အများပြည်သူ ပလာဇာကို ဖန်တီးပေးမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ် ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ လော့ဒ် ဆီဘက်စတီယန် ကိုးက “ဒီနေ့ဟာ ၂၀၁၂ လန်ဒန် အိုလံပစ်ကတည်းက ဗြိတိန်ရဲ့ အကြီးဆုံး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအတွက် အရေးကြီးတဲ့ ခြေလှမ်းပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။