လီဗာပူးလ်အသင်းက လာမယ့်နွေမှာ အသင်းရဲ့ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ် အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် အေစီမီလန်အသင်းက ပေါ်တူဂီ တောင်ပံတိုက်စစ်ကစားသမား ရာဖယ်လ် လီယာအိုကို ချိန်ရွယ်ထားတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

ကိုလံဘီယာ လက်ရွေးစင် တောင်ပံကစားသမား ဒီးယက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ ရေဒါထဲမှာ ပါဝင်နေတဲ့ ကစားသမားတစ်ဦး ဖြစ်သလို ဒီယက်ဇ်ကိုယ်တိုင်ကလည်း လီဗာပူးလ်မှာ ကစားခွင့်တွေ ရနေပေမယ့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေပြီး သူရဲ့ အိမ်မက်အသင်းအတွက် ကစားပေးခွင့် ရချင်နေပါတယ်။

Photo Credit : ESPN

လီဗာပူးလ်အနေနဲ့ လာမယ့်နွေမှာ အသင်းတိုက်စစ်ပိုင်းက မိုဟာမက် ဆာလာ ၊ ဒါဝင် နူးညက်ဇ် ၊ ဒီယိုဂို ဂျိုတာနဲ့ ဒီယက်ဇ်တို့ထဲက အနည်းဆုံး (၂)ဦးလောက်အထိ လက်လွတ်သွားရနိုင်ဖွယ် ရှိနေပြီး လတ်တလောမှာတော့ လီဗာပူးလ်က ဘရိုက်တန် တိုက်စစ်မှူး ဂျာအို ပတ်ဒရိုအပြင် မီလန်ရဲ့ လီယာအိုကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်က မီလန်ရဲ့ အဓိက အကျဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ထိပ်တန်း ကလပ်အသင်းတိုင်း စိတ်ဝင်စားခြင်းခံရသူလည်းဖြစ်လို့ မီလန်ဘက်က သူတို့ကစားသမားကို ယူရို(၁၇၅)သန်းထိတောင် သတ်မှတ်ထားတာ ဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာတော့ ယူရိုသန်း(၁၀၀)အထိ တန်ကြေး လျော့ချထားပါတယ်။

Photo Credit : Caught Offside

ဒီရာသီမှာလည်း မီလန်က ချန်ပီယံလိဂ် ပလေးအော့အဆင့်နဲ့ စောစောစီးစီး ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပြီး စီးရီးအေမှာပါ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာထိ ရောက်ရှိနေကာ ဥရောပဝင်ခွင့် နေရာနဲ့လည်း (၆)မှတ်အထိ ကွာဟနေပါတယ်။ မီလန်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် လီယာအိုလို အဓိက ကစားသမားတွေကိုပါ လက်လွတ်ရနိုင်ပါတယ်။

လီယာအိုကို ဘာစီလိုနာ ချယ်လ်ဆီး ပီအက်စ်ဂျီတို့လို အသင်းတွေက စိတ်ဝင်စားမှု ရှိနေတဲ့အပြင် လီဗာပူးလ်ကလည်း နွေမှာ အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ ဒီယက်ဇ်နေရာအတွက် လီယာအိုကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဘက်က လီယာအိုအတွက် ယူရိုသန်း(၁၀၀)လောက်အထိ အသုံးပြုသွားဖွယ် မရှိနိုင်ဘဲ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။