ပြီးခဲ့တဲ့ တနင်္ဂနွေညက ဂါလာတာစာရေးအသင်းနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ တူရကီလိဂ်ဒါဘီ The Intercontinental Derby ပွဲဟာ ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့ပြီးနောက် ဖီနာဘာချီနည်းပြ ဂျိုဆေး မော်ရင်ဟိုက ဒိုင်လူကြီးကို တိုင်ကြားမှုတွေ လုပ်ခဲ့တဲ့အပေါ် ဂါလာတာစာရေးနည်းပြက ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။
တူရကီလိဂ်ရဲ့ အင်အားကြီး ကလပ်အသင်းတွေဖြစ်တဲ့ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရင်း တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေနဲ့ အဆုံးသတ်သွားချိန်မှာ နာမည်ကျော် စပယ်ရှယ်ဝမ်းနည်းပြ မော်ရင်ဟိုက ဒီပွဲကို တာဝန်ယူ ကြီးကြပ်ခဲ့တဲ့ ဒိုင်လူကြီး အခန်းထဲဆီ ဝင်သွားခဲ့ပါတယ်။
Photo Credit : Goal
ဒီပွဲမှာ ကွင်းလယ်ဒိုင် စလာဗ်ကို ဗင်စစ်ရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမကျခဲ့တဲ့အပြင် နိုင်ပွဲမရခဲ့ခြင်းကိုလည်း နည်းပြ မော်ရင်ဟိုအနေနဲ့ အတော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် အသင်းနှစ်သင်းကြား အမှတ်ကွာဟချက်ဟာ (၆)မှတ်အထိတောင် ရှိသွားခဲ့လို့ ဒါက ဖီနာဘာချီအတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
တူရကီ ဘောလုံးနယ်ပယ်ထဲကို ရောက်လာချိန်ကတည်းက ကွင်းလယ်ဒိုင်တွေနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ များစွာ လုပ်ဆောင်ခဲ့တဲ့ မော်ရင်ဟိုက အခုလည်း ဂါလာတာစာရေးနဲ့ပွဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သဘောမကျလို့ ပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ အခန်းထဲထိ ဝင်ရောက်သွားခဲ့ခြင်းကို ဂါလာတာစာရေးနည်းပြ ဘူရွတ်က ဝေဖန်လာခဲ့ပါတယ်။
Photo Credit : KARAR
မော်ရင်ဟိုနဲ့ ပတ်သက်ပြီး နည်းပြဘူရွတ်က “မော်ရင်ဟိုက ငိုဖို့ အချိန်အများကြီး ယူခဲ့တယ်။ သူက Special One မဟုတ်တဲ့ Crying One ငိုကြွေးတဲ့လူသားပါ။ သူက ငိုကြွေးတာနဲ့ နာမည်ကြီးပါတယ်။ သူက ဒိုင်လူကြီးရဲ့ အခန်းထဲထိကို သွားပြီး ငိုကြွေးခဲ့တယ်။ သူ ဆက်လက်ပြီး ငိုကြွေးပါစေ။” လို့ ဝေဖန် လှောင်ပြောင်သွားခဲ့ပါတယ်။
ပေါ်တူဂီလူမျိုး ကမ္ဘာကျော် ဘောလုံးနည်းပြကြီး မော်ရင်ဟိုဟာ ပေါ်တိုအသင်းနဲ့အတူ တောက်ပခဲ့ပြီးနောက် ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ယူနိုက်တက် စပါးနဲ့ ရိုးမားအသင်းတွေကို ဆက်လက် ကိုင်တွယ်ခဲ့ပြီး အခုတော့ တူရကီ စူပါလိဂ်ကလပ် ဖီနာဘာချီကို ကိုင်တွယ်ထားသလို အသင်းကိုလည်း တူရကီလိဂ်မှာ အဆင့်(၂)နဲ့ ယူရိုပါလိဂ်မှာ (၁၆)သင်းအဆင့်ထိ ပို့ဆောင်ထားနိုင်ပါတယ်။