မန်ချက်စတာ စီးတီးအသင်းဟာ အသငး်ရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ အီဒါဆင်နေရာမှာ တိုက်ရိုက် အစားထိုးသွားဖို့အတွက် ပေါ်တိုအသင်းရဲ့ ပေါ်တူဂီဂိုးသမား ဒီယိုဂို ကော်စတာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက် ရှိနေတယ်လို့ Foot Mercato ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
မန်စီးတီး ဂိုးသမား အီဒါဆင်ဟာ အသင်းရဲ့ ဂိုးပေါက်ကို အဓိက တာဝန်ယူ ကာကွယ်ပေးရသူ ဖြစ်ပေမယ့်လည်း အမှားအယွင်းတွေ ရှိလာမှုကြောင့် အရန်ဂိုးသမား အော်တီဂါကို နေရာဖယ်ပေးခဲ့ရသလို အီဒါဆင်ရဲ့ အနာဂတ် အခြေအနေတွေဟာလည်း လှုပ်ခတ်မှုတွေ ရှိလာခဲ့ရပါတယ်။
Photo Credit : Goal
အသက်(၃၁)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆင်နဲ့ မန်စီးတီးအသင်းတို့ရဲ့ အခြေအနေတွေကို ဆော်ဒီလိဂ် ကလပ်အသင်းတွေနဲ့ ဥရောပအသင်းတွေက စောင့်ကြည့်လာခဲ့ကြပြီး မန်စီးတီးဘက်ကလည်း အီဒါဆင်နေရာမှာ နောက်ထပ် အရည်အသွေးမြင့် ဂိုးသမားတစ်ဦးနဲ့ အစားထိုးသွားဖို့ ပြင်ဆင်လာပါတယ်။
လက်ရှိ မန်စီးတီးတို့ အလိုရှိနေတဲ့ ဂိုးသမားက အသက်(၂၅)နှစ်အရွယ် ပေါ်တိုနဲ့ ပေါ်တူဂီ ဂိုးသမား ဒီယိုဂို ကော်စတာပဲ ဖြစ်ပါတယ်။ ပေါ်တို လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကော်စတာဟာ ပေါ်တိုအတွက်ရော ပေါ်တူဂီအတွက် အရေးပါလှတဲ့ ဂိုးသမားတစ်ဦး ဖြစ်ပြီးတော့ ဒီရာသီမှာလည်း ပေါ်တိုအတွက် (၁၅)ပွဲ clean sheets ရအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။
Photo Credit : TEAMtalk
အရပ်(၆)ပေ(၂)လက်မထိ မြင့်မားတဲ့ sweeper keeper ကော်စတာဟာ ဥရောပထိပ်သီး ကလပ်အသင်းတိုင်းက လိုချင်ကြတဲ့ ဂိုးသမားကောင်းတစ်ဦး ဖြစ်သလို လက်ရှိအချိန်ဟာလည်း ကော်စတာအနေနဲ့ ပေါ်တိုကို စွန့်ခွာပြီး ဒီထက်မက မြင့်မားတဲ့ ကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ အချိန်တန်လာခဲ့ပြီမို့ လာမယ့်နွေမှာပဲ အပြောင်းအလဲတွေက ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
ဒါကြောင့်ပဲ မန်စီးတီးက အီဒါဆင်နေရာအတွက် ဒီယိုဂို ကော်စတာကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်သလို အီဒါဆင်တုန်းကလည်း ပေါ်တူဂီလိဂ်ရဲ့ ထိပ်သီးကလပ် ဘင်ဖီကာအသင်းကနေ ခေါ်ယူခဲ့တာဖြစ်လို့ အခုလည်း ပေါ်တူဂီလိဂ် ပေါ်တိုအသင်းက ဂိုးသမား ကော်စတာကိုပါ အရ ခေါ်ယူသွားနိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။