ပြိုင်ပွဲစုံ (၁၆)ပွဲဆက်တိုက်အထိ တောက်လျှောက် ဂိုးပေါက်ပျောက်ဆုံးနေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ရက်စ်မတ် ဟွိုင်လန်းကို နည်းပြအဖွဲ့ဝင်တွေက စိတ်ပျက်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းဟာ ၂၀၂၃ နွေကမှ အတ္တလန်တာကနေ ယူနိုက်တက်ဆီကို ပေါင်(၇၂)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းဘက်က ဟွိုင်လန်းကို အထောင်တိုက်စစ်နေရာမှာ အားကိုးအားထားရမယ့် တိုက်စစ်ကြယ်ပွင့်လို့ပါ ယူဆခဲ့ကြတာကြောင့်လည်း (၇၂)သန်းအထိတောင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Premier League : Premier League

သူရဲ့ ပွဲဦးထွက် ရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၆)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ဒီရာသီမှာတော့ သူနဲ့အကိုက်ညီဆုံး ကျောနံပါတ်(၉)ပါ ပြောင်းလဲဝတ်ဆင်ရချိန် ဟွိုင်လန်းရဲ့ အခြေအနေက ထင်သလောက် မကောင်းလာတော့ဘဲ (၃၃)ပွဲကစား (၇)ဂိုးသာ သွင်းထားသလို ဂိုးမသွင်းနိုင်တာကလည်း (၁၆)ပွဲအထိတောင် ဖြစ်နေရပါတယ်။

ဟွိုင်လန်း နောက်ဆုံးသွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၂)ရက်နေ့က ဗစ်တိုရီးယား ပယ်လ်ဇန်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် league phase ပွဲစဉ်ကသာ ဖြစ်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းကတည်းက ဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဟွိုင်လန်းကို ယူနိုက်တက် နည်းပြအဖွဲ့ဝင်တွေက ယုံကြည်မှု နည်းလာခဲ့ပြီး စိတ်ပျက်နေကြတယ်လို့ Manchester Evening News ကနေ ဖော်ပြလာပါတယ်။

Photo Credit : Goal

ဒီဖော်ပြချက်မှာ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဟာ လအစောပိုင်းက စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ဟွိုင်လန်းရဲ့ ထိရောက်မှုမရှိတဲ့ ခြေစွမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တခြား နည်းပြတွေကလည်း လေ့ကျင့်ရေးမှာ ဟွိုင်လန်းကို အားပေးဖို့ ကြိုးစားနေပြီး သူ့ကို ပြန်လည်ခြေစွမ်းပြစေဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

အဲဗာတန်နဲ့ ယူနိုက်တက်တို့ ပွဲစဉ်မှာလည်း မာဆေးဆိုက်အထိ သွားရောက် အားပေးခဲ့ရတဲ့ ယူနိုက်တက် ပရိသတ်တွေက ဟွိုင်လန်းအစား လူငယ် တိုက်စစ်မှူးလေး ချီဒို အိုဘီကို လူစားလဲခဲ့တဲ့အပေါ်မှာလည်း အားပေးကြိုဆိုခဲ့သလို ဒါဟာ အသင်းပရိသတ်တွေကပါ ဟွိုင်လန်းအပေါ် စိတ်ပျက်မှုတွေကို ပြသနေတာဖြစ်လို့ ဟွိုင်လန်း အနာဂတ်က တော်တော်လေး လှုပ်ခတ်လာဖွယ် ရှိနေပါတယ်။