ဒီနေ့ည မန်ချက်စတာ စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက် မရင်ဆိုင်ရခင်မှာ လီဗာပူးလ်နည်းပြ အာနေး စလော့က ပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး လာမယ့် ဘောလုံးရာသီမှာတော့ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်သူတွေအဖြစ် ပြန်လာနိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

မန်စီးတီးက ဒီနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွှမ်းမိုးထားနိုင်ဆုံး ကလပ်အသင်း ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘယ်အသင်းမှ မလုပ်ထားနိုင်သေးတဲ့ (၄)ရာသီဆက်တိုက် အမှတ်ပေး ချန်ပီယံဆုကိုပါ စံချိန်တင် ဆွတ်ခူးထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : Premier League

ဒါပေမယ့် ဒီရာသီထဲမှာတော့ မန်စီးတီးက ဘယ်သူမှ မထင်ထားလောက်အောင် စွမ်းဆောင်ရည်တွေရော ရလဒ်တွေပါ ကျဆင်းခဲ့ရပြီး အသင်းအတွင်းမှာလည်း ဒဏ်ရာရ ကစားသမား အရေအတွက် များပြာနေသလို အခုဆိုရင်လည်း မန်စီးတီးဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့နဲ့ ပရီးမီးယားလိဂ်မှာ အဆင့်(၄)အတွင်း ဝင်နိုင်ဖို့ကိုသာ အာရုံစိုက်ရပါတော့မယ်။

ဒါပေမယ့် မန်စီးတီးနဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြ စလော့က “မန်စီးတီးက အဲဒီမှာ မရှိတာကို လူတိုင်း အံ့အားသင့်နေကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က နှစ်ပေါင်းများစွာ အဲဒီမှာ ရှိနေခဲ့တာကြောင့်ပါ။ သူတို့မှာ ရာသီတိုင်း အဲဒီမှာ ရှိနေနိုင်ကြောင်း ပြသခဲ့တဲ့ ကောင်းမွန်တဲ့ နည်းပြတစ်ဦး ရှိပါတယ်။ ဒါကြောင့် သူတို့က အခု ကျွန်တော်တို့ထက် အမှတ်တွေ အများကြီး နောက်ကျနေမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ပါဘူး။ သူတို့ ပြန်တက်လာနေတာကို ကျွန်တော် မြင်ပါတယ်။”

Photo Credit : Goal

“ပြီးခဲ့တဲ့ အပတ်မှာ နယူးကာဆယ်နဲ့ ပွဲမှာ အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က ကစားသမားသစ် သုံးလေးယောက် ခေါ်ယူပြီးပါပြီ။ ဒါကြောင့် ဒါဟာ သူတို့ အဲဒီမှာ မရှိတဲ့ တစ်ကြိမ်တည်းသော ရာသီဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ လူတိုင်း၊ အနည်းဆုံး ကျွန်တော်က သူတို့ လာမယ့်ရာသီမှာ ပြန်တက်လာမယ်လို့ မျှော်လင့်ပါတယ်။”

“ဘာလို့လဲဆိုတော့ သူတို့ တက်လာနေတာကို သင် မြင်နိုင်လို့ပါ။ ဒါကြောင့် အံ့သြစရာပါ။ ဒါပေမယ့် သူတို့ အများကြီး ပိုကောင်းလာပြီလို့ ထင်ပါတယ်။ သူတို့မှာ ခက်ခဲတဲ့ လတွေ တစ်လနှစ်လ ရှိခဲ့ပါတယ်။ သူတို့ ရာသီကို ကောင်းကောင်း စတင်ခဲ့ပါတယ်။ အခု သူတို့ ပြန်ရောက်နေပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ရာသီရဲ့ ခက်ခဲတဲ့ ကာလမှာ အမှတ်တွေ အများကြီး လျှော့ချခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒဏ်ရာရသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒီလိဂ်က ရက်စက်ပါတယ်။ သင် အကောင်းဆုံး မဖြစ်ရင် ပွဲတိုင်း ခက်ခဲပါတယ်။” လို့ ပြောဆိုသွားပါတယ်။