ချယ်လ်ဆီးနဲ့ပွဲမှာ အံ့မခန်းခြေစွမ်းပြခဲ့တဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်အတွက် အက်စတွန် ဗီလာနည်းပြ အူနိုင်း အမ်မရီက သူ့ရဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အငှားချထားတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး မားကို အဆန်စီယိုအတွက် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဗီလာက တစ်ဂိုးအရှုံးကနေ ပြန်လာနိုင်ခဲ့ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရှိပြီးနောက် နည်းပြ အမ်မရီက အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးကို ဆက်လက်တိုက်တွန်းသွားမှာဖြစ်ပြီး ကလပ်မှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ သက်တောင့်သက်သာရှိစေဖို့ ကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Eurosport

“ကျွန်တော်တို့ သူ့ကို အားပေးချင်တယ်၊ ကူညီချင်တယ်။ ဒီမှာ သက်တောင့်သက်သာရှိစေဖို့ ကူညီပေးချင်တယ်။ ကျွန်တော်တို့နဲ့အတူ ယုံကြည်မှုရရှိစေဖို့ ကူညီပေးချင်တယ်။ ကျွန်တော်တို့ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အကြံဉာဏ်တွေမှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုဖို့ ကြိုးစားချင်တယ်။ သူ့ကို တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ သူဟာ ဒီလုပ်ငန်းစဉ်ထဲမှာ ရှိနေပါတယ်။”

“သူက အံ့သြဖွယ်ကောင်းတဲ့ (၄၅)မိနစ် ကစားခဲ့တာတော့ သေချာပါတယ်။ အခု သူ့ကို တသမတ်တည်း ကစားစေချင်ပါတယ်။ ဒီနေ့လိုပဲ ပိုပိုပြီး အရေးပါလာမယ်လို့ မျှော်လင့်ပါတယ်။ သူ့အတွက် အရေးကြီးဆုံးအရာက ကျွန်တော်တို့နဲ့အတူ ဒီမှာနေပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ယုံကြည်မှုနဲ့ သက်တောင့်သက်သာရှိဖို့ပါပဲ။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Photo Credit : Villa News

ရပ်ရှ်ဖို့ဒ်ဟာ ဒီလအစောပိုင်းမှာ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ယူနိုက်တက်ကနေ ဗီလာကို ပြောင်းရွှေ့ခဲ့ပြီး ဒီပြောင်းရွှေ့မှုဟာ ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။ ယူနိုက်တက်မှာ အသင်းကစားသမား စာရင်းကနေ ချန်လှပ်ခံရပြီးနောက် ရပ်ရှ်ဖို့ဒ်ဟာ မှန်ကန်တဲ့ အစီအစဉ်အောက်မှာ အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ပြသနေဆဲပါ။

ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ အသင်းဖော်တွေက ချီးကျူးခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရချိန်မှာ ဂိုးဖန်တီးမှုတွေ ပိုမိုပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ အမ်မရီရဲ့ ရည်မှန်းချက်က ရပ်ရှ်ဖို့ဒ်ရဲ့ ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် ဗီလာမှာ သူ့ရဲ့ ခြေစွမ်းကို ပြန်လည်ပြသနိုင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။