မနေ့က ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားသွားခဲ့တဲ့ အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ ယူနိုက်တက်က ဒုတိယပိုင်း ချေပဂိုးတွေကြောင့်ရယ် ပွဲပြီးခါနီး ပင်နယ်တီ ခွင့်ပြုပေးရမယ့် အခြေအနေကနေ လွတ်မြောက်သွားခဲ့ရတာတွေကြောင့် အိမ်ရှင် အဲဗာတန်ဆီကနေ သရေတစ်မှတ် ရယူလိုက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်း ပွဲကစားချိန်ထဲ ခြေစွမ်းပြသနိုင်ခြင်း မရှိဘဲ အဲဗာတန်ဘက်ကို ဂိုး(၂)ဂိုး ခွင့်ပြုပေးခဲ့ရသလို ဂိုးပေါက်တည့်ကန်ချက်တောင် တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှသာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ဂိုး အူဂါတေးရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးဂိုးတွေနဲ့သာ ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါ့အပြင် ပွဲပြီးခါနီးမှ အဲဗာတန်ဘက်ဆီ ပင်နယ်တီ ခွင့်ပြုလိုက်ရပေမယ့်လည်း VAR နဲ့ ပြန်လည် စစ်ဆေးပြီးနောက် ပင်နယ်တီကို ပယ်ဖျက်ပေးလိုက်လို့ သရေရလဒ်နဲ့ အဆုံးသတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီသရေရလဒ်ကြောင့်ပဲ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက် ရှုံးပွဲဆက်ရမယ့် အရေးနဲ့လည်း လွတ်မြောက်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က အသင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး “ပထမပိုင်းမှာ ကျွန်တော်တို့က ပျောက်နေခဲ့တယ်။ ပထမပိုင်းမှာ (၂)ဂိုးပြတ်နဲ့ ရှုံးနေတာကို ထည့်မတွက်ခဲ့ဘူးဆိုရင် တစ်မှတ်ရတာကလည်း မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမယ့် ကျွန်တော်တို့က အနိုင်ရဖို့ လိုအပ်ပြီး (၃)မှတ်ရဖို့လည်း လိုပါတယ်။”

Photo Credit : Goal

“အဆိုးဆုံးကတော့ ဖိအားမရှိဘဲ ဘောလုံးဆုံးရှုံးနေတာနဲ့ ကျွန်တော်တို့ လုပ်သင့်တာကို မလုပ်ဆောင်တာပါ။ ကျွန်တော်တို့ ပျော့ညံ့ခဲ့ပါတယ်။ ပထမပိုင်းပြီးချိန်မှာ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်လုံး လုပ်ခဲ့တာကို အပိုစွမ်းအင်တွေနဲ့ပါ လုပ်ရမယ်လို့ ပြောခဲ့တယ်။ ကစားသမားတွေရဲ့ နေရာအနေအထားတွေ မပြောင်းလဲပါဘူး။ အရည်အသွေးတွေကပဲ ကွာခြားသွားတာပါ။”

“ဒီရာသီကို ရှင်သန်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးမှ ရှေ့ဆက်ဖို့ စဉ်းစားနိုင်မယ်။ ကျွန်တော် အဆိုးမြင်တာကိုပဲ ပြောချင်တာတော့ မဟုတ်ဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ ဒီပွဲကို အနိုင်ရဖို့ နီးစပ်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။