အာဆင်နယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ကိုင်း ဟာဗက်ဇ်က ဒူဘိုင်းမှာ လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း တံကောက်ကြောထိသွားလို့ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပေမယ့် အသင်းလက်မဲ့ တိုက်စစ်မှူးတွေကိုတော့ ခေါ်ယူသွားဖို့ အစီအစဉ် မရှိဘူးလို့ သတင်းထွက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဘူကာယို ဆာကာ ၊ ဂါဘရီရယ် ဂျေဇူးနဲ့ ဂါဘရီရယ်လ် မာတင်နယ်လီတို့ ဒဏ်ရာအသီးသီးတွေနဲ့ ရင်ဆိုင်နေရချိန် ဂျာမနီ တိုက်စစ်ကစားသမား ဟာဗက်ဇ်ပါ ဒဏ်ရာထပ်ရသွားတာက အာဆင်နယ် တိုက်စစ်ပိုင်းအတွက် ခေါင်းခြောက်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Goal

ပိုဆိုးတာကတော့ အာဆင်နယ်ဟာ ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးသစ် မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ကလည်း ဗီလာရဲ့ ဝက်ကင်းစ် ၊ လိုက်ပ်ဇစ်ရဲ့ ဆက်စ်ကိုနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ တဲလ်တို့လို တိုက်စစ်မှူးတွေကို ကြိုးပမ်းခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှ ခေါ်ယူနိုင်ခဲ့ခြင်း မရှိဘဲ ဈေးကွက်ပိတ်လိုက်ရပါတယ်။

အခု ဟာဗက်ဇ် ဒဏ်ရာရသွားချိန်မှာ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းက ကစားသမား လိုအပ်ချက်တွေ ရှိလာခဲ့ရပြီး ဒူဘိုင်းမှာ အသင်းနဲ့ အတူပူးပေါင်းနိုင်ခဲ့တဲ့ ဆာကာကလည်း မတ်လလောက်မှသာ ပြန်ကစားနိုင်ဦးမှာဖြစ်လို့ အာဆင်နယ်တို့ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ တိုက်စစ်မှူး တစ်ဦးဦးကို ခေါ်ယူလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။

Photo Credit : Sky Sports

လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ဘင်ယက်ဒါ ၊ ဒီယေဂို ကော်စတာ ၊ မက်ဇီ ဂိုးမက်ဇ် ၊ မာရီယာနို ဒီးယက်ဇ်နဲ့ ကစားသမားဟောင်း ကားလို့စ် ဗီလာတို့ ရှိနေကြပေမယ့် အာဆင်နယ်ကတော့ ဒီအခြေအနေမှာ free agent players တွေကို ခေါ်ယူဖို့ ဆန္ဒမရှိဘဲ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့သာ အဆင်ပြေသလို အသုံးပြုဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးတစ်ဦး မခေါ်ယူလိုက်နိုင်ခြင်းကြောင့် လာမယ့်နွေမှသာ အသင်းအတွက် အသင့်တော်ဆုံး တိုက်စစ်ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူသွားချင်နေပြီး အခုလို အသင်းလက်မဲ့ ကစားသမားကို ရေတိုအနေနဲ့ ခေါ်ယူဖို့အတွက်တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။