တိုက်စစ်ကစားသမားတစ်ဦး ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်နွေမှာ အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖြည့်တင်းသွားဖို့ ရှိနေရာ လက်ရှိ အာဆင်နယ် ချိန်ရွယ်နေတဲ့ ကစားသမားတွေထဲ အင်တာမီလန်က တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ပါ ပါဝင်နေတယ်လို့ သိရှိရပါတယ်။

အာဆင်နယ်က ဘူကာယို ဆာကာ၊ ဂါဘရီရယ်လ် ဂျေဇူးတို့လို တိုက်စစ်ကစားသမားတွေ ဒဏ်ရာ ပြဿနာများနဲ့ ရင်ဆိုင်နေရချိန်မှာ ဆောင်းဈေးကွက်ထဲ တိုက်စစ်မှူး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း ဈေးကွက်ပိတ်သွားတဲ့အထိ ကစားသမားတစ်ယောက်တစ်လေမှ မခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ပါ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit : Caught Offside

အာဆင်နယ်က သူတို့ရဲ့ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့အတွက် နယူးကာဆယ်က အလက်ဆန်းဒါး အီဆက်ခ်၊ လိုက်ပ်ဇစ်က ဘင်ဂျမင် ဆက်စ်ကို၊ စပို့တင်း လစ္စဘွန်းက ဗစ်တာ ယိုကယ်ရက်စ်တို့အပြင် အခု အင်တာမီလန် အသင်းခေါင်းဆောင် အာဂျင်တီးနား တိုက်စစ်ကစားသမား လော်တာရို မာတီနက်ဇ်ကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

အာဆင်နယ်အသင်း ချိန်ရွယ်ထားတဲ့ တိုက်စစ်မှူးတွေက ကာလတန်ကြေးအရ ပြောင်းရွှေ့ကြေး အလွန်မြင့်မားလွန်းသူတွေ ဖြစ်ပေမယ့်လည်း အာဆင်နယ်ကတော့ ဂိုးသွငး်စွမ်းရည် ပြည့်ဝတဲ့ တိုက်စစ်ကစားသမားကိုသာ ခေါ်ယူချင်တာကြောင့် ပြောင်းရွှေ့ကြေးများစွာ အသုံးပြုပြီး ခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : Caught Offside

အခု အာဆင်နယ် ချိန်ရွယ်နေတဲ့ အင်တာ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ဟာဆိုရင်လည်း ယူရိုသန်း(၁၀၀)အထိ တန်ကြေးရှိသူ ဖြစ်သလို အင်တာအသင်းနဲ့ပါ ၂၀၂၉ခုနှစ်အထိတောင် နှစ်ရှည်စာချုပ်တစ်ရပ်ပါ ကျန်ရှိနေသူဖြစ်လို့ ဒီကစားသမားကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၅၀)လောက်အထိတောင် အသုံးပြုရနိုင်ပါတယ်။

ဒါပေမယ့် အာဆင်နယ် ပိုမို အလိုရှိနေတဲ့ တိုက်စစ်မှူးက နယူးကာဆယ်ရဲ့ ဆွီဒင်တိုက်စစ်ကစားသမား အီဆက်ခ် ဖြစ်နေတာကြောင့် အီဆက်ခ်ကိုသာ ဦးစားပေး ကြိုးပမ်းလာနိုင်ပြီး ဒါမှမဟုတ်လည်း အီဆက်ခ်ထက်တောင် ပိုပြီး mega signing ဖြစ်နိုင်တဲ့ မာတီနက်ဇ်အတွက်လည်း ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခုကို ပြင်ဆင်လာနိုင်ပါတယ်။