ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အက်စတွန် ဗီလာအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်က သူဟာ ပြိုင်ဘက်အသင်းတွေကို ဒုက္ခပေးနိုင်ဆဲ ဖြစ်သလို ပွဲစဉ်များကို အဆုံးအဖြတ် ပေးနိုင်နေဆဲလို့ ပြောကြားလိုက်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ နည်းပြ ရူဘင် အမော်ရင်လက်ထက် ပွဲကစားခွင့်တွေ ဆက်တိုက်ပျောက်ဆုံးရပြီး ကစားသမားစာရင်းကနေပါ ချန်လှပ်ခံခဲ့ရလို့ ဗီလာအသင်းဆီ ရာသီကုန်အထိ အငှားစာချုပ် + ပေါင်သန်း(၄၀)တန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဗီလာမှာ ဂျွန်ဒူရန်ရဲ့ ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဗီလာအသင်းဆီ ရောက်သွားခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကိုပါ ပြန်လည် ဆင်နွဲသွားရတော့မှာဖြစ်ပြီး FA Cup ပြိုင်ပွဲမှာဆိုရင်လည်း စတုတ္ထအဆင့်အဖြစ် စပါးအသင်းနဲ့ ကစားသွားရမှာ ဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်ဘက်မှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာပါ ရပ်တည်လို့နေပါတယ်။

ဗီလာတိုက်စစ်မှာ ဝက်ကင်းစ်၊ ရော်ဂျာစ်၊ ဘေလီ၊ ရမ်ဆေးတို့အပြင် ကစားသမားတွေဖြစ်တဲ့ မာလန်း အဆန်စီယိုတို့ ရှိနေကြပေမယ့် ရပ်ရှ်ဖို့ဒ်ကတော့ “ကျွန်တော် ပြိုင်ဘက်အသင်းတွေကို ဒုက္ခပေးနိုင်တယ်ဆိုတာ သိထားပြီးတော့ ကျွန်တော် အကောင်းဆုံး ကစားနိုင်ချိန်မှာဆိုရင် ပွဲစဉ်တွေကိုပါ အဆုံးအဖြတ်ပေးနိုင်ပါတယ်။”

Photo Credit : Football Transfer

“ဒါဟာ ကျွန်တော်ရဲ့ တစ်ခုတည်းသော ပန်းတိုင်ဖြစ်ပါတယ်။ အသင်းကို နိုင်ပွဲတွေ ပိုရရှိအောင် ရမှတ်တွေ ပိုရရှိအောင် ကူညီပေးဖို့နဲ့ သမိုင်းကောင်းတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ချန်ပီယံလိဂ်မှာ ပွဲတော်တော်များများ ကစားခဲ့တာကြောင့် ဒီလို အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ အတွေ့အကြုံ ရှိတယ်လို့ ခံစားရပါတယ်။”

“ဒါက အခြားအသင်းတစ်သင်းအတွက် ပထမဆုံးအကြိမ် ကစားပေးရတော့မှာ ဖြစ်ပေမယ့်လည်း စိုးရိမ် ကြောက်ရွှံ့မှုထက် စိတ်လှုပ်ရှားမှုက ပိုများနေပါတယ်။ ဒီအသင်းဟာ ရည်မှန်းချက်ကြီးမားပြီးတော့ သူတို့ကို ရှေ့ဆက်သွားနိုင်အောင် ကူညီဖို့က ကျွန်တော့်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။” လို့ ပြောဆို ကြုံးဝါးသွားခဲ့ပါတယ်။