မန်ချက်စတာ စီးတီးအသင်းက ပေါ်တိုအသင်းရဲ့ စပိန် ကွင်းလယ်ကစားသမားလေး နီကိုး ဂွန်ဇာလက်ဇ်ကို အခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ အပြီးသတ် ခေါ်ယူသွားနိုင်ဖို့အတွက် အပီအပြင် ကြိးပမ်းလျက် ရှိနေပြီး ပေါ်တိုအသင်းနဲ့လည်း တိုက်ရိုက် ဆက်သွယ်မှုတွေ လုပ်ဆောင်နေပါတယ်။
မန်စီးတီးအသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ကစားသမားသစ် (၃)ဦးအထိ ခေါ်ယူထားခဲ့ပြီး အသင်းကို အားဖြည့်ထားခဲ့ပေမယ့် ဈေးကွက်မပိတ်ခင်မှာ နောက်ထပ် ကစားသမား တစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူသွားချင်နေပြီး စပိန် ယူ-၂၁ကစားသမား နီကိုး ဂွန်ဇာလက်ဇ်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။
Photo Credit : Transfermarket
အသက်(၂၃)နှစ်အရွယ် လာမာစီယာ အကယ်ဒမီထွက် နီကိုး ဂွန်ဇာလက်ဇ်ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲအထိတောင် ကစားပေးခွင့် ရခဲ့ပေမယ့်လည်း နောက်ရာသီမှာတော့ ဗလင်စီယာအသင်းဆီ အငှားချခံရသလို နောက်တစ်ရာသီမှာတော့ ပေါ်တိုအသင်းဆီပါ ရောင်းချခံခဲ့ရပါတယ်။
ပေါ်တိုအသင်းမှာတော့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ ဂွန်ဇာလက်ဇ်ကို လက်ရှိမှာ မန်စီးတီးအသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်တစားနဲ့ ကြိုးပမ်းလာနေပေမယ့်လည်း ပေါ်တိုဘက်က သူတို့ကစားသမားအတွက် သတ်မှတ်ထားတဲ့ ယူရိုသန်း(၅၀)တန် စာချုပ်ဖျက်သိမ်းကြေးကိုတော့ မပေးချေချင်ဘဲ ဖြစ်နေရပါတယ်။
Photo Credit : Football365
ဒါကြောင့် အသင်းနှစ်သင်းကြား ဂွန်ဇာလက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး တိုက်ရိုက် ချိတ်ဆက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြသလို ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာ ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ဂွာဒီယိုလာ ကိုယ်တိုင်နေတဲ့ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။
ကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ အဓိက ကစားတက်သူ ဂွန်ဇာလက်ဇ်ဟာ ဒီရာသီထဲ ပေါ်တိုအတွက် (၂၉)ပွဲကစား (၇)ဂိုးသွင်း (၆)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပြီး မန်စီးတီးကလည်း အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လာနိုင်တဲ့ ဂွန်ဒိုဂန်နဲ့ ကိုဗာချစ်တို့လို ကွင်းလယ်ကစားသမားတွေ နေရာအတွက် နီကိုး ဂွန်ဇာလက်ဇ်ကို အခုဈေးကွက်အတွင်းမှာပဲ အရ ခေါ်ယူချင်နေပါတယ်။