မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ legend ဂိုးသမားဟောင်းကြီး အက်ဒ်ဝင် ဗန်ဒါဆားက လက်ရှိအသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာဟာ အသင်းဂိုးပေါက်မှာ နှစ်အတန်ကြာ တာဝန်ယူသွားနိုင်မယ့် ဂိုးသမားမျိုး ဖြစ်တယ်လို့ မှတ်ချက်ပြု သုံးသပ် ပြောဆိုလိုက်ပါတယ်။
ကင်မရွန်း လက်ရွေးစင် လာမာစီယာ အကယ်ဒမီထွက် ဂိုးသမား အိုနာနာဟာ ၂၀၂၃ နွေကမှ အင်တာမီလန်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ပြီး ကို့ရို့ကားယား အမှားတွေ ကျူးလွန်တက်လေ့ ရှိသလို ပွဲစဉ်တချို့မှာလည်း အံ့အားသင့်စရာ လက်စွမ်းပြကာကွယ်မှုတွေလည်း ရှိတက်ပေမယ့် အမှားက ပိုများနေပါတယ်။
Photo Credit : Goal
ဒါကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေက အိုနာနာရဲ့ လက်စွမ်းအပေါ် မယုံမကြည် ဖြစ်နေရပြီး လတ်တလောမှာလည်း ယူနိုက်တက်က ဒေါ့မွန်ဂိုးသမား ကိုဘယ်လ်နဲ့ပါ သတင်းတွေ ထွက်ပေါ်နေရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ဂိုးသမားဟောင်းကြီး ဗန်ဒါဆားကတော့ အိုနာနာရဲ့ လက်စွမ်းတွေအပေါ် ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
“ဝေဖန်ပြစ်တင်ဖို့ကတော့ စောသေးတယ်လို့ပဲ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အန်ဒရေက အရှေ့မှာ ကောင်းမွန်တဲ့ ကစားသမားဘဝကို ရခဲ့သေးတာ။ အခုဆိုရင် သူ အတွေ့အကြုံအသစ်တွေ ပိုရနေပါတယ်။ သူက ဂိုးသမားတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးတွေ အကုန်လုံး ရှိနေပါတယ်။ ဒါကြောင့်လည်း သူက ဒီမှာ နောက်(၅)နှစ်(၆)နှစ်လောက်အထိ ရှိနိုင်သလို”
Photo Credit : Manchester United
“ဆက်လက်ပြီးတော့ တိုးတက်လာနေပါလိမ့်မယ်။ သူ့ဆီမှာ မန်ချက်စတာ ယူနိုက်တက်အတွက် အချိန်အတော်ကြာအထိ ပါဝင်ကစားသွားနိုင်မယ့် မှန်ကန်တဲ့ စိတ်နေသဘောထားမျိုးလည်း ရှိနေပါတယ်။” လို့ ဗန်ဒါဆားက အိုနာနာနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
အိုနာနာဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် (၈)ပွဲသာ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ပွဲ(၃၀)ကစား စုစုပေါင်း (၄၁)ဂိုးအထိ ခွင့်ပြုထားရပါတယ်။ ဒါ့အပြင် အသင်းအတွက် ကစားပေးတာ (၂)ရာသီ မပြည့်ခင်မှာပဲ အမှားပြုလုပ်မှုကနေ ခွင့်ပြုခဲ့ရတဲ့ ဂိုးအရေအတွက်က (၁၀)ဂိုးအထိတောင် ရှိထားခဲ့ရပါတယ်။