မန်ချက်စတာ စီးတီးအသင်းဟာ ဒီရာသီမှာ ဘယ်သူ့မှ မထင်ထားရလောက်အောင် ရလဒ်ပိုင်းတွေ ဆက်တိုက် ကျဆင်းခဲ့ရပြီး ပရီးမီးယားလိဂ်မှာဆိုရင် Top 4 ပြင်ပလည်း ရောက်နေရသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ league phase ဇယားမှာလည်း အဆင့်(၂၅) elimination zone ထိပါ ရောက်နေရပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အမှတ်ပေးဇယားကို (၄)ကြိမ်ဆက်တိုက်ထိ စံချိန်တင်အောင် ဆွတ်ခူးထားနိုင်ခဲ့တဲ့ မန်စီးတီးလို အသင်းမျိုးက ကွင်းလယ်လူ ရိုဒရီ ACL ထိသွားပြီးနောက်ပိုင်းမှာ ခြေစွမ်းတွေရော ရလဒ်တွေပါ တော်တော်ကြီးကို ကျဆင်းလာခဲ့ရင်း အခုဆိုရင် အမှတ်ပေးဇယားထိပ်က လီဗာပူးလ်နဲ့ တစ်ပွဲသာ (၁၂)မှတ်အထိ ကွာဟနေရပါတယ်။

Photo Credit : Irish Examiner

ချန်ပီယံလိဂ်ဘက်မှာလည်း ရှုံးထွက် ပလေးအော့အဆင့်ဆီ တက်လှမ်းနိုင်ဖို့အတွက် league phase နောက်ဆုံးပွဲမှာ ကလပ်ဘရုဂေးကို အနိုင်ရဖို့ လိုအပ်နေပြီး ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ကြိုပြီး ခံစားမိထားခဲ့တယ်လို့ နည်းပြဂွါဒီယိုလာက ဝန်ခံသွားခဲ့ပါတယ်။ “လွန်ခဲ့တဲ့ (၃)လခန့်လောက်က ဒီရာသီထဲမှာ ကျွန်တော်တို့ တစ်ခုခုကို ကြုံတွေ့ရတော့မယ်ဆိုတာကို ခံစားမိတယ်။”

“ဒါက တကယ်လည်း ဖြစ်လာခဲ့ပြီးတော့ ဖြစ်လည်းဖြစ်နေသေးပါတယ်။ အစ်ဝစ်ချ်တောင်းနဲ့ပြီးရင် သူတို့ပြန်လာလိမ့်မယ်။ လက်စတာနဲ့ ကစားပြီးရင် သူတို့ ပြန်လာလိမ့်မယ်လို့ ပြောနေကြပေမယ့် ဒီလိုပြန်လာနိုင်ဖို့ အချိန်ယူနေရဆဲပါပဲ။ နောက်ရာသီမှာတော့ ကျွန်တော်တို့ အမှန်တကယ်ကို ပြန်လာနိုင်မှာပါ။ အခုကတော့ top 4 အတွက်နဲ့ ချန်ပီယံလိဂ်မှာ အုပ်စုတက်နိုင်ဖို့အတွက် ဦးစားပေးရပါမယ်။” လို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။

Photo Credit : Football365

လက်ရှိအချိန်မှာတော့ မန်စီးတီးက သူတို့ရဲ့ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာစေဖို့အတွက် တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်၊ နောက်ခံလူတွေဖြစ်တဲ့ ခူဆာနော့ဗ်နဲ့ ဗစ်တာ ရီးစ်တို့ကို ခေါ်ယူဖြည့်တင်းထားပြီး ဒီကစားသမားသစ်တွေက မန်စီးတီးအတွက် ဘယ်လောက်အထိ အကျိုးပြုပေးနိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါတော့မယ်။

မန်စီးတီးက အခုတစ်ပတ်မှာတော့ သူရဲ့ လက်ထောက် တပည့်ဟောင်း အန်ဇို မာရက်စ်ကာရဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး ဒီပွဲပြီးတာနဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးကြီးတဲ့ ကလပ်ဘရုဂေးနဲ့ ကစားရမှာ ဖြစ်သလို အဲ့ဒီပွဲပြီးရင်လည်း အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကျပ်ကို ဆက်ကစားရပါမယ်။